နှစ်ဂိုးအရှုံးကို နောက်က လိုက်ချေပခဲ့တာပါ။

ကာတာအသင်းဟာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခံနေရမှုတွေကို ဒုတိယပိုင်းမှာ ပြန်လည်ချေပနိုင်ခဲ့ပြီး ပွဲဦးထွက် အဖိုးတန်ရမှတ်တစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ကိုပါအမေရိကဖလား အုပ်စု (ခ)ရဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲမှာ အာရှချန်ပီယံကာတာက တောင်အမေရိကရဲ့ နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ ပါရာဂွေးကို နှစ်ဂိုးစီ သရေကစားနိုင်ခဲ့ပါတယ်။ ကာတာအသင်းဟာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခံနေရမှုတွေကို ဒုတိယပိုင်းမှာ ပြန်လည်ချေပနိုင်ခဲ့ပြီး ပွဲဦးထွက် အဖိုးတန်ရမှတ်တစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။



ပါရာဂွေးကတော့ ကာတာကိုအနိုင်မရရှိခဲ့တဲ့အတွက် ကိုပါအမေရိကဖလား နောက်ဆုံး (၈)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၁၈)ပွဲမှာလည်း တစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး (၁၀)ပွဲသရေကျကာ (၇)ပွဲအထိ အရေးနိမ့်ခဲ့တဲ့ ပါရာဂွေးဟာ ၂၀၁၅ ခုနှစ်တုန်းက ဂျမေကာကို ၁-ဝနဲ့ အနိုင်ရပြီးနောက် ကိုပါအမေရိကပြိုင်ပွဲမှာ လေးနှစ်နီးပါး နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။

ပွဲအစ (၄)မိနစ်မှာ ပယ်နယ်တီကတဆင့် အော်စကာကာဒိုဇိုက အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ ကာဒိုဇိုအတွက် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရက်ပေါင်း (၄၃၆၇) ရက်ကြာပြီးမှ ပထမဆုံးပြန်လည်သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အမေရိကန်အသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့ပြီးနောက် (၁၂)နှစ်အကြာမှာမှ ကာဒိုဇိုက ဂိုးပြန်လည်ရရှိခဲ့ပါတယ်။

ဒုတိယပိုင်း (၆၈)မိနစ်မှာ ဂွန်ဇာလက်ဇ်က နောက်ထပ်တစ်ဂိုး သွင်းယူခဲ့ကာ ပါရာဂွေးတို့ နိုင်ပွဲရရှိဖို့ မျှော်လင့်ချက်အားကောင်းခဲ့ပါတယ်။ ဂိုးပေါက်နဲ့ တော်တော်ဝေးဝေးကနေ အပြင်းကန်သွင်းခဲ့တာဖြစ်ပြီး ဂွန်ဇာလက်ဇ်ဟာ ကိုပါသမိုင်းမှာ (၃၆)နှစ် (၂၇)ရက်နဲ့ ဂိုးသွင်းနိုင်ခဲ့ပြီး တတိယမြောက်အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကာတာအသင်းက ချေပဂိုးရဖို့ ပါရာဂွေးကို ဆက်တိုက်ဖိအားပေးခဲ့ပြီး အာရှဖလားရဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အယ်လ်မိုဇ်အလီက (၆၈)မိနစ်မှာ ဧရိယာပြင်ပကနေ လှလှပပကန်သွင်းယူခဲ့ကာ ပထမချေပဂိုး ရရှိခဲ့ပါတယ်။

(၇၇)မိနစ်မှာ ကာတာတို့ နောက်ထပ်ချေပဂိုးထပ်ရခဲ့ပြီး ပါရာဂွေးနောက်တန်းနေရာလွတ်တွေထဲကို ကွင်းလယ်လူ ခူခီက ပြေးဝင်ခဲ့ကာ အာဖစ်ရဲ့ တိကျတဲ့ပေးပို့မှုကို အဆုံးသတ်ကာ အဖိုးတန်ချေပဂိုးတစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး အခွင့်အရေးတွေ ကိုယ်စီရရှိခဲ့ပေမယ့်လည်း ထပ်မံအသုံးမချနိုင်တော့လို့ တစ်မှတ်စီခွဲယူကာ အုပ်စုအဖွင့်ပွဲကို စတင်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က