တန်ဖိုးအရှိဆုံးကစားသမားဆုကို အဲဗက်စ်က ရရှိခဲ့ပါတယ်။
Pyae Phyo Thein

ပြိုင်ပွဲရဲ့ တစ်ဦးချင်းဆုအားလုံးကို ဘရာဇီးလ်ကစားသမားတွေကပဲ ဆွတ်ခူးနိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ဟာ ခြွင်းချက်မရှိအကောင်းဆုံးအသင်းအဖြစ်လည်း ထင်ပေါ်ခဲ့ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ အိမ်ရှင်ဘရာဇီးလ်က ပီရူးကို (၃-၁)နဲ့အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ ဘရာဇီးလ်အတွက် အယ်ဗာတန်၊ ဂျီးဆပ် နဲ့ ရစ်ချာလီဆန်တို့က ဂိုးသွင်းပေးခဲ့ကြပြီး ပီရူးအတွက် ဂွာရဲရိုးက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဘရာဇီးလ်အနေနဲ့လည်း (၁၂)နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ကိုပါဖလားကိုကိုင်မြှောက်နိုင်ခဲ့ပါတယ်။



ပြိုင်ပွဲရဲ့တန်ဖိုးအရှိဆုံးကစားသမားဆုကိုတော့ ဘရာဇီးလ်အသင်းခေါင်းဆောင်ဖြစ်တဲ့ အသက်(၃၆)နှစ်အရွယ် ဒန်နီအဲဗက်စ်က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ အဲဗက်စ်ဟာ ဘရာဇီးလ်ကို သူ့ရဲ့အတွေ့အကြုံနဲ့ ဦးဆောင်ကစားပေးခဲ့ပြီး အသင်းခေါင်းဆောင်တစ်ဦးပီသစွာနဲ့ ပြိုင်ပွဲတစ်လျှောက်လုံးမှာ ခြေစွမ်းပြကစားပေးနိုင်ခဲ့လို့ အခုလိုရရှိခဲ့တာဖြစ်ပါတယ်။

ဂိုးသွင်းဘုရင်ဆိုကိုတော့ မျက်နှာသစ်တိုက်စစ်မှူး အယ်ဗာတန်က သွင်းဂိုး (၃)ဂိုးနဲ့အတူ ဆွတ်ခူးခဲ့ပါတယ်။ မထင်မရှားကစားသမားတစ်ဦးဖြစ်တဲ့ အယ်ဗာတန်ဟာ ကိုပါပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဘရာဇီးလ်ရဲ့ ဘယ်ခြမ်းတိုက်စစ်ကို အကောင်းဆုံးအစားထိုးပေးနိုင်ခဲ့ပြီး နေမာရဲ့နေရာမှာ အထင်ကြီးဖွယ်ခြေစွမ်းနဲ့ ကစားပေးနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကတော့ ရွှေလက်အိတ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ပေးဂိုးတစ်ဂိုးတည်းသာ ရှိခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့တဲ့ အယ်လစ်ဆန်ဟာ ဘောလုံးရာသီတစ်ရာသီအတွင်း ရွှေလက်အိတ်ဆု (၃)ခုအထိရရှိခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး နိုင်ငံအသင်းနဲ့အတူ ပထမဆုံးအကြိမ်ဆုဖလားရရှိခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ တစ်ဦးချင်းဆုအားလုံးကို ဘရာဇီးလ်ကစားသမားတွေကပဲ ဆွတ်ခူးနိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ဟာ ခြွင်းချက်မရှိအကောင်းဆုံးအသင်းအဖြစ်လည်း ထင်ပေါ်ခဲ့ပါတယ်။ ဗိုလ်စွဲဖို့အတွက် ရေပန်းစားခဲ့တဲ့အတိုင်း ဘရာဇီးလ်က ဆုဖလားရယူနိုင်ခဲ့ပြီး နေမာမပါဝင်ချိန်မှာ အကောင်းဆုံးအစားထိုးမှုတွေနဲ့အတူ အိမ်ရှင်ပရိသတ်တွေကို စိတ်ကျေနပ်မှုရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က