ဒဏ်ရာတော့ပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ်။
Pyae Phyo Thein

ပြိုင်ဘက်ကစားသမားပါရင်ရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့် ဘတ်ပီဟာ ခြေထောက်ကျိုးသွားစေနိုင်တဲ့ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီး ကံကောင်းလို့သာ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။


ပီအက်စ်ဂျီနဲ့ စိန့်အက်တီယန်တို့ကစားခဲ့တဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီဟာ ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ဘက်ကစားသမားပါရင်ရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့် ဘတ်ပီဟာ ခြေထောက်ကျိုးသွားစေနိုင်တဲ့ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီး ကံကောင်းလို့သာ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

နေမာရဲ့ ပွဲချိန် ၁၃ မိနစ်မှာသွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ ပီအက်စ်ဂျီကအနိုင်ရဗိုလ်စွဲခဲ့ပေမယ့် ဘတ်ပီရဲ့ဒဏ်ရာရရှိခဲ့မှုက စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပွဲအမီပြန်လည်ကောင်းမွန်လာဖို့တောင် မသေမချာဖြစ်နေပြီးတော့ ကာလအနည်းငယ်အနားယူရမယ့် အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။



အနှေးပြကွက်တွေအရ ပါရင်ရဲ့ ဖျက်ထုတ်မှုကြောင့် ဘတ်ပီရဲ့ ခြေကျင်းဝတ်ဟာ သိသိသာသာကို ထိခိုက်ခဲ့ပြီး ခြေထောက်ကျိုးနိုင်တဲ့အထိ ပြင်းထန်ခဲ့တာကို တွေ့ရပါတယ်။ အဆိုပါဖျက်ထုတ်မှုကြောင့် ပါရင်လည်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး နှစ်ဖက်အသင်းသားတွေကြားမှာ အချေအတင်ရန်ပွဲဖြစ်ပွားခဲ့ကာ ကွင်းလယ်ဒိုင်က အဝါကတ်တွေအများအပြားအသုံးပြုခဲ့ရပါတယ်။ 

ပီအက်စ်ဂျီနည်းပြတူချယ်လ်ကတော့ ကွင်းလယ်ဒိုင်ရဲ့ ပွဲကိုထိန်းချုပ်ခဲ့တဲ့အပေါ်မှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။ "အဲဒါက ဘယ်လောက်ထိစိုးရိမ်စရာကောင်းလဲဆိုတာ အားလုံးတွေ့မှာပါ၊ ဒီပြစ်ဒဏ်ကျူးလွန်ခဲ့တာက အရမ်းထိတ်လန့်စရာဆိုတာ အားလုံးမြင်ကြပါတယ်၊ ကွင်းလယ်ဒိုင်က ကစားသမားတွေကို မကာကွယ်ပေးနိုင်ခဲ့ပါဘူး၊ ကစားသမားတစ်ဦးတည်းကိုပြောတာမဟုတ်ပါဘူး၊ အားလုံးကို သူ ကာကွယ်ပေးနိုင်ရမှာပါ" လို့ တူချယ်လ်ကပြောခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဘတ်ပီကာ ချိုင်းထောက်နဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ မြင်တွေ့မှုများအရဆိုရင်တော့ ဒဏ်ရာက ပြင်းထန်တယ်လို့ယူဆရပြီး နည်းပြတူချယ်လ်အတွက် စိတ်ပူစရာအနေအထားမျိုးမှာ ရှိနေခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က