၁၂ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးအသင်းမှာ မပြောင်းလဲပဲ ဆက်တိုက်ပါဝင်နိုင်ခဲ့တာဆိုလို့ ရော်နယ်ဒိုနဲ့ မက်ဆီပဲ ရှိတာပါ။
ဖီဖာက ရွေးချယ်ပေးနေတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ၁၂ နှစ်ဆက်တိုက် ပါဝင်နိုင်သူ နှစ်ဦးကတော့ ရော်နယ်ဒိုနဲ့ မက်ဆီပဲ ဖြစ်တယ်လို့ GIVEMESPRT သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖီဖာ တစ်နှစ်တာအကောင်းဆုံးအသင်းကို ၂၀၀၅ ခုနှစ်က စတင်ပေးအပ်ခဲ့ပေမယ့် ရော်နယ်ဒိုနဲ့ မက်ဆီ နှစ်ဦးစလုံးကတော့ ၂၀၀၇ ခုနှစ် အကောင်းဆုံးအသင်းကနေ စတင်ပါဝင်လာနိုင်ခဲ့တာပါ။
ရော်နယ်ဒိုက မက်ဆီထက် ၂ နှစ်ကြီးတာကြောင့် ၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ အကောင်းဆုံးအသင်းအတွက် ဆန်ကာတင် ၅၅ ယောက်စာရင်းမှာတော့ ၂ နှစ်စောပြီး ပါဝင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် အကောင်းဆုံးအသင်းအတွက် ဆန်ကာတင် စာရင်းမှာတော့ ၂၀၀၅ ကနေ ၂၀၁၉ အထိ ၁၅ နှစ်ဆက်တိုက် ပါဝင်နိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရော်နယ်ဒိုက ရပ်တည်နိုင်ပါတယ်။
အခုနှစ် ၂၀၁၉ ခုနှစ်အတွက် ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုကိုတော့မက်ဆီက ရရှိခဲ့လို့ ကစားသမားဘ၀ ဖီဖာ တစ်နှစ်တာအကောင်းဆုံးဆုကို ၆ ကြိမ်မြောက် ရရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အထိ တစ်ဦးလျှင် ၅ ကြမ်စီ ရရှိထားတာ ဖြစ်လို့ မက်ဆီက ကမ္ဘာ့အကောင်းဆုံးဆုကို ၆ ကြိမ်နဲ့ အကြိမ် အများဆုံး ရရှိထားတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒီနှစ် အခမ်းအနားကိုတော့ ရော်နယ်ဒိုက ဒဏ်ရာကြောင့်မလာနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဥရောပ အကောင်းဆုံး ဆုပေးပွဲမှာတော့ - “ ကျွန်တော်တို့ ဒီစင်မြင့်ပေါ် အတူတူတက်ခဲ့တာ ၁၅ နှစ်ဆက်တိုက်ရှိပါပြီ။ ကျွန်တော်တို့ နှစ်ဦးကြားမှာကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ခြွင်းချက်အနေနဲ့ တစ်ခါမှ ညစာအတူမစားသုံးဖူးသေးတာပါပဲ။ ဒါပေမယ့် တစ်ချိန်မှာအတူတူ စားခွင့်ကြုံမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” လို့ ရော်နယ်ဒိုက ပြောခဲ့ပါ တယ်။