ကမ္ဘာကျော် Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအားကစားသမားစာရင်းမှာ ၂၀၁၉ ခုနှစ်အတွက် ဝင်ငွေအများဆုံးကစားသမားအဖြစ် လီယွန်နယ်မက်ဆီက ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။ ထိပ်ဆုံး (၃)ဦးစာရင်းမှာ ဘောလုံးကစားသမား (၃)ဦးဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒို နဲ့ နေမာတို့က ရပ်တည်နိုင်ခဲ့ပြီး လွှမ်းမိုးနိုင်ခဲ့ပါတယ်။
မတူညီတဲ့ အားကစားနည်း (၁၀)မျိုးက ကစားသမားတွေရဲ့ တစ်နှစ်တာဝင်ငွေစုစုပေါင်းကို ဖော်ပြခဲ့တာဖြစ်ပြီး မက်ဆီက ဝင်ငွေစုစုပေါင်း ဒေါ်လာ (၁၂၇)သန်းနဲ့ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ လစာ၊ ဆုကြေးငွေ နဲ့ ကြော်ငြာစပွန်ဆာ စာချုပ်ဝင်ငွေတွေအားလုံးကို တွက်ချက်ထားတာဖြစ်ပြီး မက်ဆီက ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ လစာ ဒေါ်လာ (၉၂)သန်းနဲ့ အခြားသောဝင်ငွေအရပ်ရပ် ဒေါ်လာ (၃၅)သန်းအထိ ရရှိခဲ့တာလို့လည်း Forbes က ဖော်ပြခဲ့ပါတ်ယ။ ဒုတိယနေရာမှာတော့ ရော်နယ်ဒိုက ဝင်ငွေစုစုပေါင်း ဒေါ်လာ (၁၀၉)သန်းနဲ့ ရှိနေခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ဒေါ်လာ (၁၀၅)သန်းနဲ့ တတိယနေရာမှာ ရှိနေခဲ့ပါတယ်။
ထိပ်ဆုံး (၅)ဦးစာရင်းမှာ နာမည်ကျော်လက်ဝှေ့သမား ကာနီလိုအယ်လ်ဗာရက်ဇ် နဲ့ နာမည်ကြီးတင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါရားတို့ ပါဝင်ခဲ့ပြီး ကျန် (၅)နေရာမှာတော့ ဘေ့ဘောစ်ကစားသမားတွေ နဲ့ ဘတ်စကတ်ဘောကစားသမားတွေ ရှိနေခဲ့ကြပါတယ်။ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ အခြားသော ဘောလုံးကစားသမားတွေရဲ့ ကွာဟချက်ကတော့ တော်တော်လေးကြီးမားနေခဲ့တာကို သိသာထင်ရှားစေခဲ့တဲ့ စာရင်းလည်း ဖြစ်ပါတယ်။
မက်ဆီ၊ ရော်နယ်ဒို နဲ့ နေမာတို့ (၃)ဦးက ဘောလုံးကစားသမားတွေအနေနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ပေမယ့်လည်း သူတို့နောက်မှာ ဝင်ငွေအကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ အဆင့် (၄၄)နေရာမှာသာ ရှိခဲ့ပြီး ဒေါ်လာသန်း (၃၀)ကျော် ဝင်ငွေရှိခဲ့ပါတယ်။ ဘာစီလိုနာကွင်းလယ်လူဟောင်း အင်နီယေစတာက အဆင့် (၄၆)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီစာရင်းမှာ ခရစ်ကတ်ကစားသမားအဖြစ် အိန္ဒိယအသင်းခေါင်းဆောင် ဗီရတ်ခိုလီတစ်ဦးတည်း ပါဝင်ခဲ့ပြီး အဆင့် (၁၀၀)နေရာမှာ ဝင်ငွေဒေါ်လာ (၂၅)သန်းနဲ့
ရပ်တည်ခဲ့နိုင်ပါတယ်။