နယ်သာလန်အသင်းက ၂၀၁၇ ဥရောပဖလား ချန်ပီယံ ဖြစ်ထားတဲ့အသင်းဖြစ်ပေမယ့် ၁၉၉၁ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ယခုနှစ်အပါအဝင် နှစ်ကြိမ်သာ ကစားထားနိုုင်ပြီး ပထမအကြိမ်အဖြစ် ကစားခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ အနိုင်ဂိုး ၂ ဂိုးနဲ့အတူ အီတလီအသင်းကို ၂-ဝ နဲ့ အနိုင်ယူပြီး အမျိုးသမီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို နယ်သာလန်အသင်း ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။
နယ်သာလန်အသင်းသမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ဗီဗီယန်နီမီယန်ဒီမာက သူမရဲ့ ၆၁ ဂိုးမြောက်သွင်းဂိုးကို အီတလီနဲ့ပွဲမှာ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ နယ်သာလန်အသင်းအတွက် အခုလို ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် ပွဲစဉ်တွေကို ကစားနိုင်ခြင်းဟာ ဒုတိယအကြိမ်မြောက်သာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ပြိုင်ပွဲမှ ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရတာပါ။
အခုလို အီတလီကို အနိုင်ယူနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်မှာ နာမည်ကြီး ဂျာမနီကို မထင်မှတ်ပဲ အနိုင်ယူလာခဲ့တဲ့ ဆွီဒင်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ နယ်သာလန်အသင်းကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ အီတလီအသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရလာတာ ဖြစ်ပါတယ်။
အခြားသော ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲကတော့ အင်္ဂလန်အသင်းနဲ့ အမေရိကန်အသင်းတို့ ကစားမှာဖြစ်ပြီး ဒီပွဲစဉ် တွေကိုတော့ မြန်မာစံတော်ချိန် ဇွန်လ ၃ ရက်နေ့ နံနက် ၁ နာရီခွဲနဲ့ ဇွန်လ ၄ ရက်နေ့ နံနက် ၁ နာရီခွဲ တွေမှာ ဆက်လက်ကစားစေမယ်လို့ သိရပါတယ်။