လက်ရှိလာလီဂါရဲ့ အကောင်းဆုံးတိုက်စစ်မှူးဖြစ်နေပါတယ်။

ဆယ်လ်တာဗီဂိုကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြခဲ့သူကတော့ တိုက်စစ်မှူးဘန်ဇီမာပဲဖြစ်ပါတယ်။ အသင်းရဲ့ စီနီယာအကျဆုံးကစားသမားတွေထဲမှာ နောက်ဆုံးသောကျန်သူအနည်းငယ်ထဲက တစ်ဦးဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဆယ်လ်တာဗီဂိုရဲ့ နှစ်ကြိမ်တိုင်တိုင်ဦးဆောင်မှုတွေကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ ချေပပေးခဲ့တာဖြစ်ပါတယ်။

ဆန်တီမီနာရဲ့ အဖွင့်ဂိုးကို ချေပပေးခဲ့သလို ဆာဗီရဲ့ နောက်ထပ်ဦးဆောင်ဂိုးကိုလည်း သူကပဲ ပြန်လည်ချေပေးခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ ဗင်နီရှပ်၊ ကာမာဗင်ဂါတို့က အနိုင်ဂိုးတွေသွင်းယူခဲ့ကြပြီး ဘန်ဇီမာက ပွဲသိမ်းဂိုးကို ပင်နယ်တီကတဆင့် သွင်းယူကာ သူ့အတွက်ဟက်ထရစ်သွင်းဂိုးအဖြစ် ရယူနိုင်ခဲ့ပါတယ်။ 

ဒါဟာ ရော်နယ်ဒိုရော၊ မက်ဆီရောမရှိတော့တဲ့ လာလီဂါမှာ သူ ရှိနေသေးတယ်ဆိုတာကို ဘန်ဇီမာက သတိပေးလိုက်တာလည်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ရော်နယ်ဒိုထွက်ခွာသွားတဲ့နောက် ရီးရဲလ်တိုက်စစ်ကို ဦးဆောင်ပေးနေခဲ့သူဖြစ်ပြီး ရော်နယ်ဒိုမရှိတော့တဲ့နောက် အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ကာ လာလီဂါမှာ တစ်ရာသီကို အနည်းဆုံး ၂၁ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

ဒီရာသီမှာလည်း ၄ ပွဲကစားအပြီး ၅ ဂိုးသွင်းယူကာ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။ ကမ္ဘာကျော်ကစားသမားနှစ်ဦးမရှိတော့တဲ့အတွက် လာလီဂါရဲ့ပုံရိပ်က ပိုမိုကျဆင်းလာခဲ့ပေမယ့်လည်း သူတို့နှစ်ဦးရဲ့ လောင်းရိပ်အောက်ကနေ လွတ်မြောက်ခဲ့တဲ့ ဘန်ဇီမာကတော့ အစွမ်းကုန်တောက်ပနေခဲ့တာလည်းဖြစ်ပါတယ်။ 




က္က