ဒေးဗစ်ဘက်ခမ်းက ရီးရဲမှာ ကစားစဉ် ၂၀၀၃ ကနေ ၂၀၀၇ အထိ ကျောနံပါတ် ၂၃ ဂျာစီကို ဝတ်ဆင်ခဲ့ပြီး ဟာဇက်ကေ နံပါတ် ၂၃ ဂျာစီ ဝတ်ဆင်ကစားချင်တဲ့ အဓိက အကြောင်းရင်းက ဘက်ခမ်းကြောင့်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
ချဲလ်ဆီးအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ဒီနှစ်ဘောလုံးရာသီမှာပြောင်းရွှေ့သွားခဲ့တဲ့ အီဒင်ဟာဇက်ကတော့ သူ့အနေနဲ့ အရင် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း ဝတ်ဆင်ကစားသွားခဲ့တဲ့ ကျောနံပါတ် ၂၃ ဂျာစီကို ဝတ်ဆင်ကစားချင်တယ်လို့ တောင်းဆိုလာခဲ့တာလို့ Metro သတင်းဌာနက ဖော်ပြပါတယ်။
အသက် ၂၈ နှစ်အရွယ် ဟာဇက်ကတော့ ရီးရဲအသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈၈.၅ သန်းနဲ့ ခြေစွမ်းပေါ် မူတည်ကာ ပေါင် သန်း ၁၃၀ အထိ မြင့်တက်လာဖွယ်ရှိနေတဲ့ ပြောင်းရွှေ့ကြေးနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။
ဟာဇက်ရောက်ရှိလာတဲ့အတွက် ရီးရဲမက်ဒရစ် ပရိသတ်တွေက ဟာဇက်အနေနဲ့ ယခင် ရော်နယ်ဒို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ကစားလိမ့်မယ်လို့ ယူဆထားကြပါတယ်။
လက်ရှိမှာတော့ ကျောနံပါတ် ၇ ကို မာရီယာနိုဒိုက်ဇ်က ဝတ်ဆင်ကစားနေတာကြောင့် ဟာဇက်အနေနဲ့ သူ့ကို ဒေးဗစ်ဘက်ခမ်း ဝတ်ဆင်ကစားသွားတဲ့ကျောနံပါတ် ၂၃ ဂျာစီကိုသာ ဝတ်ဆင်ကစားခွင့် တောင်း ဆိုလာခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတောင်းဆိုလာတာကလည်း ဟာဇက်က NBA ဘတ်စကတ်ဘော ပရိသတ်တစ်ဦးဖြစ်တာနဲ့အညီ နာမည်ကျော် ဘတ်စကတ်ဘော ကစားသမားတွေ ဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်နဲ့ လီဘရွန်ဂျိမ်းတို့ ဝတ်ဆင်နေတဲ့ ၂၃ ဂျာစီကို ဝတ်ဆင်ချင်တာကြောင့် တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လည်း Marca သတင်းဌာနက ဖော်ပြပါတယ်။
ဟာဇက်အနေနဲ့ ယခင် လိုင်လီအသင်းမှာ ကစားစဉ်က ကျောနံပါတ် ၂၆ ဂျာစီကို ဝတ်ဆင်ခဲ့ပြီး အဲ့နောက် ချဲလ်ဆီးအသင်းကို ရောက်ရှိလာတဲ့ ပထမ နှစ်ရာသီမှာ ၁၇ ဂျာစီကို ဝတ်ဆင်ကစားခဲ့ပြီး နောက်ဆုံး ဝတ်ဆင်ခဲ့တာကတော့ ၁၀ ဖြစ်ပါတယ်။