ဂျူဗင်တပ်ဝါရင့်နောက်ခံကစားသမား ချီလီနီဟာ နည်းပြဟောင်း ကွန်တီအနေနဲ့ အင်တာမီလန်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်တာကို မြင်တွေ့ရမယ်ဆိုရင် မုန်းတီးမိမှာဖြစ်တယ်လို့ TuttoSport ကို ပြောကြားခဲ့ပါတယ်။
ချီလီနီဟာ ကွန်တီကို ဆရာဟောင်းတစ်ဦးအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ အဓိကပြိုင်ဘက် အင်တာမီလန်အသင်းကို ကိုင်တွယ်တာကို မြင်တွေ့ရမယ်ဆိုရင် မုန်းတီးမိလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ကွန်တီဟာ ၂၀၁၇-၂၀၁၈ ရာသီကုန်မှာ ချယ်ဆီးအသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး လာမယ့်ရာသီမှာ အင်တာမီလန်အသင်းကို တာဝန်ယူကိုင်တွယ်မယ်လို့ တစ်ကြိုပေးခြင်းခံထားရသူပါ။
အီတလီလက်ရွေးစင်နည်းပြဟောင်း ကွန်တီဟာ ဂျူဗင်တပ်အသင်းကို ၃ နှစ်ဆက် စီးရီးအေဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ၂၀၁၄ ခုနှစ်မှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။
ယင်းအချိန်ကစပြီး ကွန်တီဟာ အီတလီစီးရီးအေအသင်းတွေကို ပြန်လည်ကိုင်တွယ်ခြင်းမရှိတော့သူဖြစ်ပြီး ချီလီနီက နည်းပြဟောင်း ကွန်တီကို ပြိုင်ဘက်အသင်းရဲ့နည်းပြအဖြစ် မြင်တွေ့ရမယ်ဆိုရင် သက်တောင့်သက်သာဖြစ်မှာမဟုတ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
“သူ့ကို အဲဒီမှာ တွေ့ရမယ်ဆိုရင် ကျွန်တော် မုန်းတီးမိမှာပါ။ ဒါပေမယ့် အဲဒါက ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ သူတို့တွေက ပရော်ဖက်ရှင်နယ်တွေဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် သူ့ကို အင်တာမီလန်မှာ မြင်ရတာက ကျွန်တော့်ကို အထူးအဆန်းကြီးလို ခံစားရစေမှာပါ”လို့ TuttoSport ကို ပြောကြားခဲ့ပါတယ်။