ရိုးမားအသင်းဟာ အသင်းရဲ့ကစားသမားတွေအားလုံးကို ကနေဒါအဆိုတော် Drake နဲ့ ဓာတ်ပုံအတူတွဲရိုက်ခြင်းကို ပိတ်ပင်တားဆီးခဲ့တယ်ဆိုတဲ့ ထူးဆန်းတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက Drake နဲ့တွေ့ဆုံခဲ့တဲ့ အားကစားသမားတွေရဲ့ သက်ဆိုင်ရာအသင်းတွေဟာ ကျိန်စာသင့်သလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ကံဆိုးမိုးမှောင်ကျပြီး ရှုံးနိမ့်ခဲ့ပါတယ်။ အယူသီးတဲ့ ပရိသတ်အချို့က ပီအက်စ်ဂျီအသင်း လိုင်လီအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ Drake ကြောင့်လို့ ယုံကြည်နေကြပါတယ်။
အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းကလည်း လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ Drake ရဲ့ဖျော်ဖြေပွဲမှာ သွားရောက်ခဲ့ပြီး Drake နဲ့ ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။ ယင်းဖြစ်ရပ်ပြီးနောက်မှာ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ထိပ်ဆုံးလေးနေရာအတွက် မျှော်လင့်ချက်မှေးမှိန်သွားခဲ့ပါတယ်။
Drake နဲ့ပတ်သက်တဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ရိုးမားအသင်းဟာ အသင်းရဲ့ကစားသမားအားလုံးကို Drake နဲ့အတူ ဓာတ်ပုံရိုက်ခြင်းကို ပိတ်ပင်တားဆီးလိုက်တာဖြစ်ပါတယ်။ “ရိုးမားကစားသမားအားလုံးကို ယခုရာသီကုန်တဲ့အချိန်အထိ Drake နဲ့ဓာတ်ပုံတွဲရိုက်ခွင့် ပိတ်ပင်လိုက်ပါတယ်”ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ကို ရိုးမားအသင်းရဲ့တွစ်တာစာမျက်နှာကနေတဆင့် ကြေညာခဲ့ပါတယ်။