အင်တာမီလန်ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီဟာ လေ့ကျင့်ရေးပြန်လည်ပြုလုပ်နိုင်တဲ့အထိ ဒဏ်ရာပြဿနာကင်းရှင်းနေပြီလို့ အင်တာဆေးအဖွဲ့က အတည်ပြုပေးခဲ့ပေမယ့် အီကာဒီက ‘ပြန်ကစားဖို့ အဆင်သင့်ဖြစ်ပြီလို့ ခံစားရတဲ့အချိန်ကျရင် ခင်ဗျားကို ပြောမယ်’လို့ ပြောကြားခဲ့ကြောင့် နည်းပြ စပယ်လက်တီရဲ့ ပြောကြားချက်အရ သိရပါတယ်။
အီကာဒီဟာ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးကတည်းက အင်တာမီလန်အသင်းအတွက် ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး ဆန်စီရိုကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီကာဒီဟာ အင်တာမီလန်အသင်းကို လေးစားမှုပိုမိုပြသဖို့ တောင်းဆိုခဲ့သူဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရက်ပစ်ဗီယန်နာအသင်းကို အနိုင်ရရှိခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်ကို ဒူးဒဏ်ရာရရှိနေတယ်လို့ စောဒကတက်ပြီး မကစားခဲ့သူဖြစ်ပါတယ်။
အီကာဒီဟာ ယမန်နေ့ညက ဖရန့်ဖတ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ကိုလည်း နောက်ထပ်တစ်ကြိမ် ထပ်မံလွဲချော်ခဲ့တာဖြစ်ပါတယ်။ ဖရန့်ဖတ်နဲ့ပွဲအပြီးမှာ အီကာဒီနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နည်းပြ စပယ်လက်တီက သတင်းထောက်တွေကို အခုလို ပြန်လည်ပြောကြားခဲ့ပါတယ်။
“အမှန်တရားကတော့ ကျွန်တော်တို့ သူ လေ့ကျင့်ရေးပြန်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလားလို့ မေးခဲ့ပါတယ်။ ဆရာဝန်က သူ့ရဲ့အမြင်မှာ ကုသမှုပြုလုပ်ဖို့အတွက် လိုအပ်တဲ့အချိန်အပိုင်းအခြားက ပြီးဆုံးသွားခဲ့ပြီလို့ ပြောခဲ့ပါတယ်။ အီကာဒီက ‘ဟင့်အင်း။ ကျွန်တော် နာကျင်မှုကို ခံစားနေရတုန်းပဲ။ ကျွန်တော် ကစားဖို့အဆင်သင့်ဖြစ်ပြီလို့ ခံစားရတဲ့အချိန်ကျရင် ခင်ဗျားကို ပြောပါ့မယ်’လို့ ပြန်ပြောပါတယ်။ ကျွန်တော် သူပြောတာကို အသိအမှတ်ပြုပြီး အိမ်ကို ပြန်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ ခင်ဗျားကို အားလုံးပြောပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။