စပိန်လက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်း ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမား ဂျရတ်ပီကေး တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာတော့ ၂၀၁၀ ကမ္ဘာ့ချန်ပီယံဟောင်း မန်ချက်စတာစီးတီးအသင်းရဲ့ကြယ်ပွင့်ကစားသမား ဒေးဗစ်ဆေးလ်ဗားကလည်း လက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပြီဖြစ်ပါတယ်။
ဒေးဗစ်ဆေးလ်ဗားဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၁၂၅ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဘဝကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားဟာ အသင်းနဲ့အတူရှိနေခဲ့ပြီး မက်ခဲ့တဲ့အိပ်မက်တွေကို တသက်လုံးသတိရနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၀ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေထဲက အများစုဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူသွားကြပြီဖြစ်ပြီး ရာမို့စ်၊ ဘတ်စ်ကွက်၊ ပက်ဒရို၊ ဖာဘရီဂတ်စ်တို့လောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
"အသင်းနဲ့အတူရှိနေခဲ့တဲ့၊ မက်ခဲ့တဲ့အိပ်မက်တွေကို ထာဝရမှတ်မိနေမှာပါ"
"ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ကိစ္စတွေကြောင့် ဒီ စာကြောင်းကို ရေးသားဖို့အတွက် မလွယ်ကူခဲ့ပါဘူး"
"ဒီကိစ္စကို စဉ်းစားဖို့အတွက် ရက်တွေ၊ ရက်သတ္တပတ်တွေအတော်ကြာ ကုန်ဆုံးခဲ့ရပါတယ်။ လက်ရွေးစင်အသင်းက ကျွန်တော့်ကို အရာအားလုံးပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော၊ ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ ကြီးပြင်းလာဖို့ ကူညီပေးခဲ့ပါတယ်"
"ကျွန်တော် စိတ်ခံစားမှု၊ အမှတ်ရစရာတွေအပြည့်နဲ့ အဆုံးသတ်ရမယ့်အချိန်ကို ရောက်ရှိနေပါပြီ။ လူးဝစ်အာရာဂိုးနက်စ်လိုမျိုး ဘယ်တော့မှ မေ့လို့မရတဲ့ ပညာရှင်လိုမျိုး လက်ရွေးစင်အသင်းကနေ ဂုဏ်ယူပျော်ရွှင်စွာနဲ့ ထွက်ခွာတာပါ"လို့ ပြောကြားခဲ့ပါတယ်။