၅ နှစ်စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် မာကိုဗာရက်တီဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၂၄ ခုနှစ်အထိ ရှိနေစေမယ့် ၅ နှစ်စာချုပ်သစ်ကို သဘောတူညီဖို့ နီးစပ်နေပြီလို့ သိရပြီး လက်ရှိရရှိနေတဲ့လစာ ၂ ဆနီးပါး တိုးမြင့်ရရှိမယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာရက်တီဟာ ၂၀၁၂ ခုနှစ်က ပက်စ်ကာရာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းအတွက် ၂၈၂ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ယခုလမှာ အသက် ၃၅ နှစ်ထဲကို ဝင်ရောက်ခဲ့ပြီဖြစ်တဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားရဲ့အသင်းခေါင်းဆောင်ရာထူးကို လွှဲပြောင်းပေးဖို့ ဗာရက်တီကို ကတိပေးခဲ့တယ်လို့ သိရပါတယ်။


ဗာရက်တီဟာ ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို သဘောတူညီခဲ့မယ်ဆိုရင် တစ်နှစ်ကို လုပ်ခလစာ ပေါင် ၁၁ သန်းအထိ ရရှိမယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းက အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်ဖြစ်တဲ့ အီတလီလက်ရွေးစင်ကြယ်ပွင့်ကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ အစွမ်းကုန်ကြိုးစားနေတာဖြစ်ပါတယ်။

အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမား မာကိုဗာရက်တီဟာ လက်ရွေးစင်အသင်းအတွက် ၃၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၃ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ပြင်သစ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ဘတ်ပီရဲ့ ပေးပို့မှုကနေတဆင့် ဂိုးသွင်းယူပြီး ကူညီပေးခဲ့သူဖြစ်ပါတယ်။



က္က