လက်ကျန် ၂ပွဲအလိုမှာ ၄ မှတ်ကွာဟနေခဲ့တာပါ။
Pyae Phyo Thein

လက်ကျန် ၂ပွဲသာကျန်တော့ချိန်မှာ ရမှတ် ၄ မှတ်ပြတ်နေပြီး ထိပ်တိုက်တွေ့ဆုံမှုရလဒ်မှာလည်း အသာမရခဲ့တဲ့နောက် ဘာစီလိုနာဟာ ဆုဖလားမျှော်လင့်ချက်ကုန်ဆုံးသလောက်ဖြစ်နေခဲ့ရပါတယ်။


ဒီနေ့ကစားရမယ့် လာလီဂါပွဲစဉ်တွေမတိုင်ခင်မှာဘဲ ဘာစီလိုနာအသင်းတိုက်စစ်မှူးဆွာရက်ဇ်က လာလီဂါဆုဖလားအတွက် ရီးရဲလ်မက်ဒရစ်ကို အလျှော့ပေးလိုက်ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ကျန် ၂ပွဲသာကျန်တော့ချိန်မှာ ရမှတ် ၄ မှတ်ပြတ်နေပြီး ထိပ်တိုက်တွေ့ဆုံမှုရလဒ်မှာလည်း အသာမရခဲ့တဲ့နောက် ဘာစီလိုနာဟာ ဆုဖလားမျှော်လင့်ချက်ကုန်ဆုံးသလောက်ဖြစ်နေခဲ့ရပါတယ်။

ဆွာရက်ဇ်ကတော့ ပြန်လည်စတင်ကစားချိန်မှာ သရေပွဲတွေဖြစ်ခဲ့တာက အသင်းကို ထိခိုက်စေခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ဆီဗီလာ၊ ဆယ်လ်တာဗီဂိုတို့နဲ့ပွဲတွေမှာ သရေနဲ့သာ အဆုံးသတ်ခဲ့တာတွေက ဆုဖလားအတွက်အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့လည်း ဥရုဂွေးတိုက်စစ်မှူးကဆိုခဲ့ပြီး ဆုဖလားအတွက် လက်လျှော့စကားပြောဆိုသွားခဲ့ပါတယ်။

"အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ မဖြစ်နိုင်တော့သလောက်ရှိသွားပါပြီ၊ ဆီဗီလာနဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီးကတည်းက ပွဲပြီးသွားခဲ့တာပါ၊ ကျွန်တော်တို့အတွက် တော်တော်လေးခက်ခဲသွားခဲ့ပါတယ်၊ ဆယ်လ်တာဗီဂိုကို အနိုင်ရခဲ့မယ်ဆိုရင် အက်သလက်တီကိုနဲ့ပွဲကို အကောင်းဆုံးကစားနိုင်မှာဖြစ်ပေမယ့်လည်း ဗီဂိုနဲ့လည်း သရေကျခဲ့ပြီး အက်စ်ပက်စ်ရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးက တကယ်နာကျင်ခဲ့ရပါတယ်"

"အခုတော့ ကျွန်တော်တို့ အကောင်းဆုံးအဆုံးသတ်နိုင်ဖို့နဲ့ ချန်ပီယံလိဂ်အတွက်ပဲ အာရုံစိုက်သွားရတော့မှာပါ" လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာကတော့ ချန်ပီယံလိဂ်ပွဲအဖြစ် နာပိုလီနဲ့ သြဂုတ်လ ၈ ရက်နေ့မှာ ၁၆သင်းအဆင့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားသွားရမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ လာလီဂါပွဲအဖြစ် ဘာစီလိုနာက အိုဆာဆူနာ၊ ရီးရဲလ်မက်ဒရစ်က ဗီလာရီးရဲလ်တို့ကို အိမ်ကွင်းမှာ အသီးသီးရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်ဖလားတစ်လုံးတည်းသာ မျှော်လင့်ချက်ရှိနေပြီး အဆိုပါဖလားကိုလည်း မရယူနိုင်ခဲ့ပါက ဖလားလက်မဲ့ ဘောလုံးရာသီနဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က