လာမယ့် ၂ ပတ်အတွင်း တစ်ခုခုသိရမယ်လို့ ပြောခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့သတင်းတွေထွက်ပေါ်နေချိန်မှာ ၎င်းအနေနဲ့ လာလီဂါမှာ ဆက်နေဖြစ်မလားမသေမချာဖြစ်နေတယ်လို့ Sportskeeda ရဲ့သတင်းအရ သိရပါတယ်။

ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ၅ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ခန့်မှန်းခြင်းခံနေရသူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့အသင်းတစ်သင်းအဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ဂရစ်ဇ်မန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ ကြီးထွားလာနေပေမယ့် ဂရစ်ဇ်မန်းက စိတ်ရှည်စွာစောင့်ဆိုင်းနေတာဖြစ်ပါတယ်။

“မကြာမီမှာ ဖြစ်လာနိုင်သေးလို့ စိတ်ရှည်သည်းခံမှုရှိဖို့ လိုအပ်ပါတယ်”

“အားလုံးထက်ပိုပြီး ကျွန်တော့်ရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချချင်ခဲ့ပါတယ်။ ဒါပေမယ့် စောင့်ဆိုင်းဖို့ လိုအပ်နေလို့ပါ”

“ကျွန်တော် စပိန်မှာပဲ ဆက်ရှိနေမလားဆိုတာ မသိပါဘူး။ ဒီ ၂ ပတ်အတွင်းမှာ ကျွန်တော်တို့ တစ်ခုခုကို သိကောင်းသိရနိုင်ပါတယ်။ ကျွန်တော် ဘောလုံးကစားပြီး ပျော်ရွှင်ချင်ရုံပါပဲ”လို့ ယမန်နေ့ညက အန်ဒိုရာကို ပြင်သစ်အသင်းက ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။


ဂရစ်ဇ်မန်းဟာ ပြင်သစ်ကစားသမားဖြစ်ပေမယ့် ကစားသမားဘဝအများစုကို စပိန်နိုင်ငံမှာသာ ကုန်ဆုံးခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ရီးရဲဆိုစီဒက်အသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။



က္က