၂၀၁၃-၁၄ ခုနှစ်က လာလီဂါ ချန်ပီယံဆုကို နောက်ဆုံးရရှိထားပြီး ဒီနှစ် လူစာရင်းအရ ချန်ပီယံဆုကိုစိန်ခေါ်နိုင် စွမ်းရှိနေပြီလို့ ဖော်လန်က သုံးသပ်ပြောခဲ့တာပါ။
လာလီဂါ ချန်ပီယံဆုတွေကို တစ်လှည့်စီ ရယူနေတဲ့ ဘာစီလိုနာ၊ရီးရဲမက်ဒရစ်တို့ကို ကျော်လွန်ပြီး ချန်ပီယံဆု ကိုစိန်ခေါ်နိုင်စွမ်း အက်သလက်တီကိုမှာ ရှိနေပြီဖြစ်တဲ့အကြောင်း ကစားသမားဟောင်း ဒီယေဂို ဖော်လန် ကပြောလာခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။
လက်ရှိ နိုင်ငံတကာ ပြိုင်ပွဲများကြောင့် ကလပ်ပြိုင်ပွဲတွေ အနားယူချိန်မှာ ၃ ပွဲကစား ၃ ပွဲနိုင်ပြီး ရမှတ်အပြည့်ရရှိထားတာ လာလီဂါမှာ အက်သလက်တီကို အသင်းတစ်သင်းတည်းသာ ရှိနေတော့တာပါ။
တိုက်စစ်မှူးအန်တိုနီယိုဂရုဇ်မန်းကို ဆုံးရှုံးထားရသလို နောက်ခံလူ ဂိုဒင်လည်း အလွတ်နဲ့ထွက်ခွာသွားခဲ့ပေ မယ့် အက်သလက်တီကိုအသင်းကတော့ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားဆဲပါ။
ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀နဲ့ ဘင်ဖီကာက တိုက်စစ်မှူး ဂျာအိုဖိလစ်ကို ခေါ်ယူထားနိုင် ပြီး အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ထားနိုင်တာကြောင့် ကစားသမားဟောင်း ဖော်လန်က ၂၀၁၃-၁၄နောက်ပိုင်း ပထမဆုံး လာလီဂါ ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေတာပါ။
“ ရီးရဲနဲ့ ဘာစီလိုနာမှာကစားသမားကောင်းတွေ ရှိနေတယ်ဆိုပေမယ့် အက်သလက်တီကိုမှာလည်းရှိပါတယ်။ အက်သလက်က ဒီနှစ်မှာ တကယ်ကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူထားနိုင်ပြီးဖိလစ်နဲ့အတူ ဝါရင့် ကစား သမား ဒီယေဂို ကော်စတာကိုလည်း ခေါ်ထားနိုင်ပါတယ်။ နောက်ထပ် ခြေစွမ်းမြင့်လူငယ်တွေနဲ့လည်း အသင်းကို အသစ်တည်ဆောက်ထားပါတယ်။ဆက်လက် ဘယ်လို စွမ်းဆောင်နိုင်မလဲဆိုတာပဲ စောင့်ကြည့်ရ တော့မှာပါ။” လို့ဖော်လန်က ပြောခဲ့တာပါ။
အက်သလက်တီကိုအသင်းအနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေ ပြီးသွားရင် ရီးရဲ ဆိုစီဒက်အသင်းနဲ့ စက်တင်ဘာ ၁၄ မှာ ကစားမှာ ဖြစ်ပြီး အဲ့နောက် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ဂျူဗင်တပ်အသင်းကို အိမ်ကွင်းစတင် ဧည့်ခံကစားပါမယ်။