လက်ကျန် ၃ပွဲမှာ ၅မှတ်ရတာနဲ့ ဆုဖလားဆွတ်ခူးနိုင်မှာပါ။
Pyae Phyo Thein

လက်ကျန်ပွဲတွေမှာ ရီးရဲလ်မက်ဒရစ်က တစ်ပွဲသာနိုင်ပြီး နှစ်ပွဲသရေကျကာ ဘာစီလိုနာက ပွဲအားလုံးကိုအနိုင်ရရှိခဲ့မယ်ဆိုရင်တောင်မှ ရမှတ်တူနေဦးမှာဖြစ်လို့ ရီးရဲလ်က အမှားခံလို့ရသေးတဲ့ အခြေအနေမှာရှိနေပါသေးတယ်။


အလာဗက်စ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြိးနောက် စပိန်လာလီဂါဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်တစ်ကမ်းအကွာကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ လက်ကျန် ၃ပွဲအလိုမှာ ဘာစီလိုနာကို လေးမှတ်ဖြတ်ထားဆဲဖြစ်ပြီးတော့ ၅ မှတ်ရရှိရုံနဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။

ဘန်ဇီမာရဲ့ ပယ်နယ်တီသွင်းဂိုး၊ အဆန်စီယိုရဲ့ သွင်းဂိုးကြောင့် ရီးရဲလ်က အိမ်ကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတော့ အသင်းခေါင်းဆောင်ရာမို့စ် ပွဲပယ်ခံထားရလို့ လွဲချော်ခဲ့ပေမယ့် သူတို့အတွက်ပြသနာမရှိဘူးဆိုတာကို ရီးရဲလ်ကပြသခဲ့ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် ဘန်ဇီမာက တာဝန်ယူခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂ကျော့မှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ကို ရယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ကျန်ပွဲတွေမှာ ရလဒ်တိမ်းစောင်းပြီး ဘာစီလိုနာနဲ့ ရမှတ်တူခဲ့ရင်တောင် ထိပ်တိုက်တွေ့ဆုံမှုအရအသာစီးရရှိထားတာဖြစ်လို့ သူတို့အတွက် အခွင့်အရေးက ပိုမိုကောင်းမွန်နေတာလည်းဖြစ်ပါတယ်။ 

လက်ကျန်ပွဲတွေမှာ ရီးရဲလ်မက်ဒရစ်က တစ်ပွဲသာနိုင်ပြီး နှစ်ပွဲသရေကျကာ ဘာစီလိုနာက ပွဲအားလုံးကိုအနိုင်ရရှိခဲ့မယ်ဆိုရင်တောင်မှ ရမှတ်တူနေဦးမှာဖြစ်လို့ ရီးရဲလ်က အမှားခံလို့ရသေးတဲ့ အခြေအနေမှာရှိနေပါသေးတယ်။ ဘာစီလိုနာကတော့ ပွဲအားလုံးကို အနိုင်ကစားရမယ့်အပြင် ရီးရဲလ်မက်ဒရစ်အသင်း ရှုံးပွဲတွေ့ဖို့အတွက်ကိုပါ မျှော်လင့်နေရဦးမှာပါ။ 

လက်ကျန်ပွဲတွေအဖြစ် ရီးရဲလ်က ဂရန်နာဒါ (ဝေး)၊ ဗီလာရီးရဲလ် (အိမ်)၊ လီဂါနက်စ် (ဝေး) တို့နဲ့ ရင်ဆိုင်ရမှာပါ။ ဘာစီလိုနာကတော့ ဗယ်လာဒိုလစ် (ဝေး)၊ အိုဆာဆူနာ (အိမ်)၊ အလာဗက်စ် (ဝေး) တို့နဲ့ ကစားရမှာဖြစ်ပါတယ်။ 


Author


က္က