ယမန်နေ့ညက ကိုပါဒယ်ရေးကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဆီဗီလာအသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂ ကျော့ပေါင်း ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပထမပိုင်း ၁၃ မိနစ်မှာ မက်ဆီကို ပရုန်းမ်စ်က ပင်နယ်တီဧရိယာထဲမှာ နောက်ကနေ ခြေချိတ်ခဲ့တာကြောင့် ပင်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။ ယင်းပင်နယ်တီကို ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတဲ့ မက်ဆီက မကန်သွင်းဘဲ ပုံမှန်ပွဲထွက်ခွင့်မရရှိတဲ့အတွက် မပျော်မရွှင်ဖြစ်နေတဲ့ အသင်းဖော် ကော်တင်ဟိုကို ကန်သွင်းစေခဲ့ပါတယ်။
ကော်တင်ဟိုဟာ အူ့စ်မန်းဒမ်ဘီလီကို နည်းပြအာနက်စတိုက ပိုမိုနှစ်သက်ပြီး ပွဲထွက်ခွင့်ပေးနေတာကြောင့် ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရသူဖြစ်ပါတယ်။ ဒါပေမယ့် လီယွန်နယ်မက်ဆီရဲ့ အပြုအမူကြောင့် ကော်တင်ဟိုဟာ ၎င်းရဲ့ခြေစွမ်းအပေါ် ယုံကြည်မှုပိုမိုရရှိခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
“ပင်နယ်တီရတာကတော့ ပုံမှန်ပါပဲ။ လီယိုရဲ့အပြုအမူကတော့ ဘယ်လောက်အထိ သူက ကြီးကျယ်မြင့်မြတ်လဲဆိုတာ ပြသခဲ့တာပါ”လို့ ကော်တင်ဟိုက Barca TV ကို ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းကို ပထမအကျော့က အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အိမ်ကွင်းနူးကမ့်မှာ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်းအရ အပြတ်အသတ်အသာစီးရယူပြီး ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ၁၃ မိနစ်မှာ ပင်နယ်တီကနေ တဆင့် ကော်တင်ဟို၊ ၃၁ မိနစ်မှာ ရာကီတစ်၊ ၅၃ မိနစ်မှာ ကော်တင်ဟို၊ ၅၄ မိနစ်မှာ ဆာဂျီရောဘတ်တို၊ ၈၉ မိနစ်မှာ လူးဝစ္စဆွာရက်ဇ်နဲ့ ၉၂ မိနစ်မှာ မက်ဆီတို့က အသီးသီးသွင်းယူပေးခဲ့ပြီး ဆီဗီလာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ၆၇ မိနစ်မှာ အေရာနာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။