၂၀၁၈ အတွင်း ကစားမှာမဟုတ်ဘူးလို့ သိရပါတယ်။
Pyae Phyo Thein

အာဂျင်တီးနား နဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင်ကစားသမားဘဝကနေ ယာယီအားဖြင့် အနားယူခဲ့တယ်လို့ သိရပါတယ်။ မက်ဆီအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း အာဂျင်တီးနား ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေကို ဝင်ရောက်ကစားခြင်း ရှိမှာမဟုတ်ဘူးလို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။



ESPN ရဲ့ ဖော်ပြချက်အရ အာဂျင်တီးနားရဲ့ စူပါစတား ကစားသမားဟာ စက်တင်ဘာလအတွင်းမှာ ကစားမယ့် အာဂျင်တီးနားရဲ့ ခြေစမ်းပွဲတွေဖြစ်တဲ့ ဂွာတီမာလာ၊ ကိုလံဘီယာတို့ရဲ့ ပွဲတွေကို ပါဝင်ကစားပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အမေရိကန်မှာ ကစားမယ့် ခြေစမ်းပွဲ (၂)ပွဲအပြင် မက်ဆီဟာ နောက်ထပ်အရေးပါတဲ့ ပွဲတစ်ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။

ဆော်ဒီမှာ ကစားမယ့် ဘရာဇီးလ်နဲ့ ခြေစမ်းပွဲမှာလည်း မက်ဆီကို မြင်တွေ့ရတော့မှာ မဟုတ်ပဲ တောင်အမေရိက ထိပ်သီးနှစ်သင်းရဲ့ ယှဉ်ပြိုင်မှုဟာ မက်ဆီမပါပဲ ကစားရတော့မှာလည်း ဖြစ်ပါတယ်။ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဟာ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ (၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားအပြီးမှာ မက်ဆီဟာ လက်ရွေးစင်အသင်းကနေ ထပ်မံအနားယူခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ယခင်ကလည်း လက်ရွေးစင်အသင်းအတွက် ကစားပေးခြင်းမှ အနားယူခဲ့ပြီလို့ ကြေငြာခဲ့ပြီးမှ အာဂျင်တီးနားသမ္မတအပါအဝင် လူပုဂ္ဂိုလ်အများအပြားရဲ့ တောင်းဆိုမှုကြောင့် လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ ကလပ်အသင်းအတွက်သာ ကစားတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာတော့ မက်ဆီကို အာဂျင်တီးနားအသင်းနဲ့အတူ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ လက်ရှိမှာ အာဂျင်တီးနားအသင်းဟာ နည်းပြ ဆမ်ပါအိုလီကို ထုတ်ပယ်ခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် စကာလိုနီကို ခန့်အပ်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က