သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ဖြေဆိုဖို့ကို ငြင်းဆန်သွားခဲ့ပါတယ်။

ပေါ်တူဂီအတွက် အဓိကဆုဖလားတစ်လုံးကို ဆွတ်ခူးပေးအပြီးမှာ ရော်နယ်ဒိုအတွက် ဘလွန်းဒီအောဆုမျှော်လင့်ချက်တွေ ရှင်သန်လာပြီလို့ သူ့ပရိသတ်တွေက ယုံကြည်နေကြပါတယ်။


ပေါ်တူဂီအသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆုအတွက် အခွင့်အရေးရှိလာပြီလားဆိုတဲ့ မေးမြန်းမှုတွေကို ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ပေါ်တူဂီက နယ်သာလန်ကို အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ရော်နယ်ဒိုက ပြန်လည်ဖြေဆိုဖို့ ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။



ပေါ်တူဂီကြယ်ပွင့်ကစားသမားဟာ ဘလွန်းဒီအောဆုကို (၅)ကြိမ်အထိ ဆွတ်ခူးထားသူဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီနဲ့ အကြိမ်အရေအတွက်တူညီနေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ဘလွန်းဒီအောဆု ရရှိမယ့် ကစားသမားတွေထဲမှာ မက်ဆီနဲ့ ဗန်ဒိုက်တို့သာ ရေပန်းစားနေခဲ့ပြီး ရော်နယ်ဒိုက တိမ်မြုပ်နေခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီအတွက် အဓိကဆုဖလားတစ်လုံးကို ဆွတ်ခူးပေးအပြီးမှာ ရော်နယ်ဒိုအတွက် ဘလွန်းဒီအောဆုမျှော်လင့်ချက်တွေ ရှင်သန်လာပြီလို့ သူ့ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

မက်ဆီကတော့ ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလားတစ်လုံးတည်းသာ ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲ (၃)ခုမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။ လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ဥရောပရွှေဖိနပ်ဆုပြိုင်ပွဲတွေမှာ မက်ဆီက ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေခဲ့ပါတယ်။ ဗန်ဒိုက်ကလည်း လီဗာပူးလ်အတွက် တစ်ရာသီလုံးခြေစွမ်းပြကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ အဆင့် (၂)၊ နေးရှင်းလိဂ်ပြိုင်ပွဲမှာ နယ်သာလန်ကို ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအတွက် ခြေစွမ်းပြပြီး ဆွစ်ဇာလန်အသင်းဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ရော်နယ်ဒို ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမယ့်လည်း ပေါ်တူဂီအသင်း ဗိုလ်စွဲခဲ့ပြီး ပွဲအပြီးမှာ သတင်းထောက်တွေက သူ့ကို ဘလွန်းဒီအောဆု (၆)ကြိမ်မြောက်ရရှိဖို့ နီးစပ်လာပြီလားလို့ မေးမြန်းခဲ့ပါတယ်။

"အသင်းအနိုင်ရဖို့အတွက် နဲ့ ခြေစွမ်းပြကစားပေးဖို့က ကျွန်တော်ရည်ရွယ်ချက်ပါ" လို့ ရော်နယ်ဒိုက ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်တစ်ကြိမ်အဆိုပါမေးခွန်းကိုပဲ ထပ်မံမေးမြန်းခံခဲ့ရပြီးနောက် ရော်နယ်ဒိုက "ကျွန်တော် ဘလွန်းဒီအောဆုအကြောင်းကို မပြောချင်ပါဘူး" လို့ ရော်နယ်ဒိုက ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ဘလွန်းဒီအောဆိုကိုတော့ခ ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်က ဆွတ်ခူးထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က