ဆွစ်ဇာလန်ကလပ်စီယွန်က ဖျက်သိမ်းခဲ့တာပါ။
Pyae Phyo Thein

မတ်လ ၁ရက်နေ့ကတည်းက ဆွစ်ဇာလန်လိဂ်ကို ရပ်နားထားခဲ့တာဖြစ်ပြီး အစိုးရကလည်း လူဦးရေ ၁၀၀၀ ထက်ပိုတဲ့ ဘယ်လိုပွဲလမ်းသဘင်၊ အခမ်းအနားကိုမှ မပြုလုပ်ဖို့အတွက် ပိတ်ပင်ထားခဲ့ပါတယ်။


အာဆင်နယ်ကစားသမားဟောင်းနှစ်ဦးဖြစ်တဲ့ အဲလက်စ်ဆောင်း နဲ့ ဂျိုဟန်ဒီဂျိုရူးတို့ဟာ ဆွစ်ဇာလန်ကလပ်စီယွန်အသင်းရဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ကစားသမား ၉ ဦးထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပြဿနာဖြစ်ပွာခဲ့ပြီးနောက် ကလပ်အသင်းက ဘဏ္ဍာရေးအခြေအနေအရ လစာလျှော့ယူဖို့တောင်းဆိုခဲ့မှုကို ငြင်းဆန်ခဲ့ပြီးနောက် စာချုပ်ဖျက်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။ 

ပြည်တွင်းလိဂ်ပွဲစဉ်တွေကို ရပ်ဆိုင်းထားခဲ့တာကြောင့် အသင်းဝန်ထမ်းတွေကို ပေးရမယ့် လုပ်ခလစာအတွက် ဝင်ငွေရလမ်းမရှိတော့တဲ့နောက်မှာ စီယွန်က လစာလျှော့ယူဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်လိဂ်ကတော့ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတာဖြစ်ပြီး ကလပ်အသင်းတွေအတွက်လည်း အခက်တွေ့နေခဲ့ရပါတယ်။ 

စာချုပ်ဖျက်သိမ်းခဲ့တဲ့ ကစားသမား ၉ ဦးထဲမှာ အသင်းခေါင်းဆောင်ဇာဗီယာကူအူစီ၊ ဖူလ်ဟမ်ကစားသမားဟောင်းကာဆာမီ၊ လန်ဂျနီ၊ ဒူအမ်ဘီယာ၊ ဖာချင်နက်တီ၊ ဇော့၊ အနန်ဒူယီ၊ ဂျိုရူးနဲ့ အဲလက်စ်ဆောင်းတို့ ပါဝင်ခဲ့ကြတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ပွဲစဉ်တွေ ရပ်နားထားချိန်မှာ လစာလျှော့ယူဖို့ ငြင်းဆန်ခဲ့လို့ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ကြောင်း စီယွန်အသင်းကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မတ်လ ၁ရက်နေ့ကတည်းက ဆွစ်ဇာလန်လိဂ်ကို ရပ်နားထားခဲ့တာဖြစ်ပြီး အစိုးရကလည်း လူဦးရေ ၁၀၀၀ ထက်ပိုတဲ့ ဘယ်လိုပွဲလမ်းသဘင်၊ အခမ်းအနားကိုမှ မပြုလုပ်ဖို့အတွက် ပိတ်ပင်ထားခဲ့ပါတယ်။ စီယွန်အသင်းဟာ အသင်းပေါင်း ၁၀ ပါဝင်ကစားနေတဲ့ ဆွစ်ဇာလန်စူပါလိဂ်မှာ အဆင့် ၈ နေရာရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာနေရာမှာသာ ရှိနေပြီး လက်ကျန်ပွဲ ၁၃ပွဲကစားဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။ 


Author


က္က