မနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ဘယ်အစွန်ခံစစ်လူနေရာမှာ ချီဝဲလ်နဲ့ ဒန်နီရို့စ်တို့ ပါဝင်လာခဲ့ပြီး လုခ်ရှောကတော့ ကျန်ရစ်နေခဲ့ပါတယ်။
နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ လုခ်ရှောကို ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာမျိုး မရှိဘူးလို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ပြောကြားလိုက်ပါတယ်။ မနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ဘယ်အစွန်ခံစစ်လူနေရာမှာ ချီဝဲလ်နဲ့ ဒန်နီရို့စ်တို့ ပါဝင်လာခဲ့ပြီး လုခ်ရှောကတော့ ကျန်ရစ်နေခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုရ ကစားသမားဖြစ်တဲ့ လုခ်ရှောကို ချန်လှပ်ခဲ့မှုက အားလုံးအတွက်တော့ အံ့အားသင့်စရာဖြစ်ခဲ့ရပေမယ့် ဆောက်ဂိတ်က သူ့အတွက် သိပ်ခေါင်းမစားခဲ့ရဘူးလို့ ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ ဆောက်ဂိတ်က ကစားသမား (၂၇)ဦးပါ နာမည်စာရင်းကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
"လုခ်ရှောကို ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး ခက်ခဲလားဆိုရင်တော့ မခက်ခဲခဲ့ပါဘူး၊ ဘင်ချီဝဲလ် နဲ့ ဒန်နီရို့စ်တို့က ပုံစံကောင်းပြသနေတဲ့ ကစားသမားတွေပါ၊ ဒါကြောင့် လက်ရှိမှာ သူတို့က ရှောထက်ပိုပြီး ဦးစားပေးခံခဲ့ရတာပါ၊ ကျွန်တော်တို့အတွက် သူတို့နှစ်ဦးက ကောင်းကောင်း
ကစားပေးနိုင်ပါလိမ့်မယ်၊ အင်္ဂလန်အသင်းဂျာစီကို ဝတ်ဆင်ခွင့်ရဖို့ ထိုက်တန်ပြီးတော့ ပြီးခဲ့တဲ့ ပွဲတွေမှာလည်း သူတို့က ခြေစွမ်းပြနိုင်ခဲ့ပါတယ်"
"သူတို့နှစ်ယောက်က အရမ်းကောင်းတဲ့ ကစားသမားနှစ်ဦးပါ၊ ဒါကြောင့်လည်း ဒီနေရာအတွက် ရွေးချယ်စရာတွေ များပြားခဲ့ပါတယ်၊ ဒါပေမယ့် အသင်းအတွက် တကယ်အကျိုးရှိမယ့် ရွေးချယ်မှုကိုပဲ ကျွန်တော်တို့ လုပ်သွားရမှာပါ" လို့ ဆောက်ဂိတ်က ပြောသွားခဲ့ပါတယ်။ ချီဝဲလ်ကတော့
လက်စတာစီးတီးမှာ ခြေစွမ်းကောင်းပြသနေခဲ့သူဖြစ်ပြီး ရို့စ်ကတော့ စပါးမှာပုံမှန်ကစားခွင့်ရနေခဲ့သူ ဖြစ်ပါတယ်။
ပိုချက်တီနိုရဲ့ လူရွေးချယ်ခဲ့မှုမှာ အံ့အားသင့်စရာအဖြစ် ဒဏ်ရာရနေတဲ့ ဟယ်ရီကိန်း နဲ့ ဟယ်ရီဝင့်ခ်တို့လို တော့တင်ဟမ်ကစားသမားတွေကို ထည့်သွင်းရွေးချယ်ခဲ့တာပါ။ ကိန်းဟာ ဧပြီလအစောပိုင်းကတည်းက ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ မကစားနိုင်တော့တာဖြစ်ပြီး ဧပြီလ (၁)ရက်နေ့မှာ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ပြန်လည်သက်သာလာဖို့ ရုန်းကန်နေရပြီး ဟယ်ရီဝင့်ခ်ကလည်း အနည်းငယ်ပြင်းထန်တဲ့ ဒဏ်ရာရရှိထားသူ ဖြစ်ပါတယ်။