ရီးရဲမက်ဒရစ်အသင်းဟာ လိုင်ယွန်နောက်ခံကစားသမား ဖာလန်းမန်ဒီကို ယူရို ၃၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း L’Equipe ရဲ့သတင်းအရ သိရပါတယ်။ ဒါပေမယ့် လိုင်ယွန်အသင်းက ဖာလန်းမန်ဒီအတွက် ရီးရဲမက်ဒရစ်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၈-၂၀၁၉ ရာသီဟာ ရီးရဲမက်ဒရစ်အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးရာသီတွေထဲကတစ်ခုဖြစ်ခဲ့ပြီး လာလီဂါအမှတ်ပေးဇယားမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာအသင်းရဲ့နောက် တတိယနဲ့သာပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရီးရဲမက်ဒရစ်အသင်းဟာ အေဂျက်အသင်းကို ၁၆ သင်းအဆင့်မှာကတည်းက ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရသလို ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ ယခုနွေရာသီမှာ အသင်းလူစာရင်းကို ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး ဘယ်နောက်ခံနေရာက ဇီဒန်းအနေနဲ့ အင်အားဖြည့်တင်းလိုနေတဲ့နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။
ဝါရင့်နောက်ခံကစားသမား မာဆယ်လိုဟာ စိတ်ပျက်ဖွယ်ရာ ရာသီနဲ့ရင်ဆိုင်ခဲ့ရပြီး အကယ်ဒမီထွက် နောက်ခံကစားသမားဖြစ်တဲ့ ရီဂူလွန်ကလည်း နည်းပြဇီဒန်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်ခြင်းမရှိတာကြောင့် အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လိုင်ယွန်နောက်ခံကစားသမား ဖာလန်းမန်ဒီကို ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။