ယူရိုသန်း (၆၀)နဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။
Pyae Phyo Thein

လူကာဂျိုဗစ်ဟာ ဒီရာသီမှာ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ (၄၄)ပွဲ ကစားပေးထားပြီး (၂၆)ဂိုးသွင်းကာ (၇)ကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်ပေးထားခဲ့ပါတယ်။


စပိန်နာမည်ကျော်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ယူရိုသန်း (၆၀) နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ရီးရဲလ်ဟာ လူကာဂျိုဗစ်ကို (၆)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီးတော့ လူကာဂျိုဗစ်ကို စိတ်ဝင်စားနေတဲ့ဥရောပအသင်းတွေထက် လက်ဦးမှု ရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။



အသက် (၂၁)နှစ်အရွယ် ဆာဘီးယားတိုက်စစ်မှူးဟာ ဘင်ဖီကာကနေ ဖရန့်ဖတ်ကို အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီးတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဖရန့်ဖတ်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်ရဲ့ ဝယ်ယူမှုမှာဖရန့်ဖတ်က ယူရို (၄၈)သန်းရရှိမှာ ဖြစ်ပြီး ဘင်ဖီကာက ယူရို (၁၂)သန်းအထိ ရရှိမယ်လို့ သိရပါတယ်။

ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန် နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေတဲ့ လူကာဂျိုဗစ်ဟာ ဒီရာသီမှာ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ (၄၄)ပွဲ ကစားပေးထားပြီး (၂၆)ဂိုးသွင်းကာ (၇)ကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်ပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်းချယ်လ်ဆီးအသင်းဘက်ကို သူက တစ်ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ဒီရာသီမှာ ဘန်ဇီမာတစ်ဦးတည်းအပေါ်အားကိုးနေခဲ့ရတဲ့ တိုက်စစ်ပိုင်းအတွက် လူကာဂျိုဗစ်ကို အားဖြည့်ခေါ်ယူခဲ့တာဖြစ်ပြီး ဆာဘီးယားတိုက်စစ်မှူးက ရီးရဲလ်အတွက် ဒုတိယမြောက် ခေါ်ယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်လာခဲ့ပါတယ်။ ပေါ်တိုနောက်ခံလူမီလီတာအိုကို ခေါ်ယူဖို့အတွက် ရီးရဲလ်က သဘောတူညီထားခဲ့ပြီးသား ဖြစ်ပါတယ်။

ဖရန့်ဖတ်ကတော့ ဒီရာသီဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း ခြေစွမ်းပြနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်နေပြီး အိမ်ကွင်းမှာ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ ပထမအကျော့ကို တစ်ဂိုးစီသရေကျထးခဲ့ပြီး ဒုတိယအကျော့ကို လာမယ့် ကြာသပတေးနေ့မှာ ဆက်လက်ကစားသွားရမှာ ဖြစ်ပါတယ်။


Author


က္က