မက်ဆီက ဂျာစီချင်းလဲလှယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Reims အသင်းတောင်ပံကစားသမားဗန်ဘာဂန်ဟာ ပီအက်စ်ဂျီအတွက် ပထမဆုံးပွဲစဉ်ကို စတင်ကစားပေးခဲ့တဲ့ မက်ဆီရဲ့ ဂျာစီကို ရရှိဖို့အတွက် ကြိုးစားခဲ့မှုဟာ မအောင်မမြင်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ မက်ဆီက အသင်းအတွက် ဒုတိယပိုင်းမှာ လူစားဝင်ရောက်ကစားပေးခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 

ပြင်သစ်လိဂ်ရဲ့ သမိုင်းဝင်အခိုက်အတန့်လို့လည်း ဆိုရမှာဖြစ်ပြီး မက်ဆီဝင်ရောက်လာချိန်မှာ ပီအက်စ်ဂျီကစားသမားတွေက သူ့နာမည်ကိုဟစ်ကြွေးကာ အားပေးခဲ့ကြပါတယ်။ မက်ဆီဟာ အသင်းအတွက် ဂိုးဖန်တီးမှု၊ သွင်းဂိုးတွေမလုပ်ပေးနိုင်ခဲ့ပေမယ့်လည်း စုစုပေါင်း ၂၁ကြိမ် ပေးပို့မှုလုပ်ခဲ့ရာမှာ အကြိမ် ၂၀ အထိ အောင်မြင်ခဲ့ပြီး ပုံမှန်ခြေစွမ်းကို ပြသနိုင်ဖို့တော့ သူ အနည်းငယ်အချိန်ယူရဥိးမှာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မက်ဆီနဲ့အတူ သူ့ရဲ့သားငယ်ကို ဓာတ်ပုံရိုက်ပေးဖို့ Reims အသင်းဂိုးသမားက တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုမှုကို မက်ဆီက ခွင့်ပြုခဲ့ပြီး ကလေးငယ်ကိုချီကာ ဓာတ်ပုံရိုက်နေခဲ့ပါတယ်။ ဓာတ်ပုံရိုက်နေချိန်ကို ဗန်ဘာဂန်က စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ပြီး ပြီးဆုံးသွားချိန်မှာ မက်ဆီနားကပ်ကာ ဂျာစီလဲပေးနိုင်မလားလို့ တောင်းဆိုခဲ့တာဖြစ်ပြီး မက်ဆီဘက်က အကျိုးအကြောင်းပြငြင်းဆန်ခဲ့ဟန်ရှိတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ibtimes ရဲ့ ဖော်ပြချက်မှာလည်း Reims နောက်ခံလူ အန်ဒရူးဂရာဗီလွန်ကလည်း မက်ဆီနဲ့ ဂျာစီလဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဖွင့်ဟခဲ့တယ်လို့ သိရပါတယ်။ 


ဂရာဗီလွန်က "ပြီးခဲ့တဲ့နှစ်က သူ ချန်ပီယံလိဂ်ကစားတာကို ကျွန်တော်တို့ကြည့်နေခဲ့ရပါတယ်၊ အခုတော့ သူနဲ့အတူ လိဂ်တစ်ခုတည်းကစားနေရပါပြီ၊ ကျွန်တော့်ညီအတွက် သူ့ဆီကဂျာစီကို တောင်းဆိုခဲ့တာပါ၊ ဒါပေမယ့် သူက ငြင်းဆန်ခဲ့ပါတယ်၊ နောက်တစ်ကြိမ်တော့ ကျွန်တော်ကံကောင်းမယ်ထင်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 




က္က