လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ တွစ်တာပေါ်မှာ ရီးရဲလ်ပရိသတ်တွေက ဇီဒန်းကို ဝေဖန်ပြစ်တင်နေခဲ့ကြပြီး အသင်းက ထွက်ခွာသွားဖို့အတွက်ပါ ဒေါသတကြီးနဲ့ ပြောဆိုနေခဲ့ကြပါတယ်။
ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ၇-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့အပြီး ရီးရဲလ်နည်းပြဇီဒန်းကတော့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ တွစ်တာပေါ်မှာ ရီးရဲလ်ပရိသတ်တွေက ဇီဒန်းကို ဝေဖန်ပြစ်တင်နေခဲ့ကြပြီး အသင်းက ထွက်ခွာသွားဖို့အတွက်ပါ ဒေါသတကြီးနဲ့ ပြောဆိုနေခဲ့ကြပါတယ်။
နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း (၃၀၀)နီးပါး သုံးစွဲထားပြီး ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားပေမယ့် ရီးရဲလ်ကတော့ ရာသီကြိုပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားနေခဲ့ပါတယ်။ အထူးသဖြင့် မြို့ခံပြိုင်ဘက်အသင်းကို (၇)ဂိုးအထိ ခွင့်ပြုပေးခဲ့ရပြီး အရေးနိမ့်ခဲ့တာက အသင်းပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး ဇီဒန်းအတွက်လည်း ဖိအားတွေများလာခဲ့ပါတယ်။
ဇီဒန်းက ပွဲထွက်စာရင်းမှာ အသစ်ခေါ်ယူထားတဲ့ ဟာဇက်၊ လူကာဂျိုဗစ်တို့ကို အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ အစ္စကို နဲ့ ဆာဂျီယိုရာမို့စ်တို့ကို ပေါင်းစပ်ခဲ့ပြီး တောင့်တင်းတဲ့လူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာပဲ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဒီယေဂိုကော်စတာက ဟက်ထရစ်သွင်းယူပြီး ဂျာအိုဖီးလစ်က သူ့ရဲ့အက်သလက်တီကိုကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူခဲ့ကာ ရီးရဲလ်ကို (၅)ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အက်သလက်တီကိုက နောက်ထပ် (၂)ဂိုး ထပ်မံသွင်းယူခဲ့သလို ရီးရဲလ်က (၃)ဂိုးပြန်သွင်းခဲ့ပေမယ့် မရှုမလှ အရေးနိမ့်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ တွစ်တာပေါ်မှာ ရီးရဲလ်ပရိသတ်တစ်ဦးက "ဇီဒန်းအနေနဲ့ အသင်းက ထွက်သင့်ပါပြီ၊ ဘေးလ်နဲ့ ဆီဘယ်လော့စ်၊ ဂျိမ်းစ်တို့ကို အသင်းက ဖယ်ထုတ်ပြီး နာချို နဲ့ လူးကပ်စ်တို့ကိုထိန်းသိမ်းထားတယ်၊ သူက အသင်းအတွက် ပြည့်စုံလုံလောက်သူမဟုတ်ဘူး" လို့ရေးသားခဲ့ပါတယ်။
အခြားသူတစ်ဦးကလည်း "ဇီဒန်းအနေနဲ့ လာမယ့်ရာသီမှာလည်း အသင်းကထွက်ရပါလိမ့်မယ်၊ ရော်နယ်ဒို နဲ့ ဘေးလ် မရှိရင် သူ့ကို ကယ်တင်နိုင်မှာမဟုတ်ပါဘူး၊ " လို့ ပြောဆိုခဲ့ပါတယ်။ နောက်တစ်ဦးကလည်း "ဇီဒန်းက ခရစ္စမတ်မတိုင်ခင် ထုတ်ပယ်ခံရပြီး ပိုချက်တီနိုက နောက်တစ်ကြိမ်နာမည်ထွက်လာမှာ သေချာပါတယ်" ရေးသားခဲ့ကြတယ်လို့ Mirror သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။