လာမယ့်စနေန့မှာ ရီးရဲမက်ဒရစ်အသင်းကို မက်ဒရစ်ဒါဘီအဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားဖို့ရှိပါတယ်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ အသင်းနဲ့ အတူ အသင်းခေါင်းဆောင် နောက်ခံလူ ဂိုဒင် ပြန်လည်ပူးပေါင်းနိုင်ခြင်းက မက်ဒရစ်ဒါဘီမတိုင်မီ အက်သလက်တီကိုအတွက် အားတက်စရာ ဖြစ်လာပါတယ်။
ဂိုဒင်ဟာ ပြီးခဲ့တဲ့လအတွင်း ဂီတာဖေးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ယခင်အပတ်က ဘက်တစ်ကို ၁-၀ နဲ့ ရှုံးတဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ဂိုဒင်အနေနဲ့ MRI ဓာတ်မှန်ရိုက် စစ်ဆေးမှုများပြုလုပ်ခဲ့ရပြီး ညာဖက်ပေါင်ကြွက်သား ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ Sportskeeda က ဖော်ပြပါတယ်။
“ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်တာ တစ်ကယ်ကို ကြီးကျယ်ခမ်းနားမှုပါပဲ၊” လို့ ဂိုဒင်က သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ ဂိုဒင်က အသင်းအတွက် ဒီနှစ်ဘောလုံးရာသီမှာ ၁၇ ပွဲပါဝင်ကစားပေးထားနိုင်ပြီး ၁၅ ပွဲက ပွဲထွက်ကစားကာ ၂ ဂိုးထိ သွင်းယူပေးထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ရာသီအကုန်မှာ စီးရီးအေကလပ် အင်တာမီလန်ကို ပြောင်းရွှေ့တော့မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။