ဝမ်ဒါမက်ထရိုပိုလီတန်နိုကွင်းအတွင်းကနေ အနိုင်ရသူအဖြစ်နဲ့ ပြန်လည်ထွက်ခွာလာနိုင်ဖို့လည်း တောင်ကိုရီးယားကြယ်ပွင့်က မျှော်လင့်နေပါတယ်။
ဒီနေ့ညမှာ ကစားရမယ့် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ပတ်သက်ပြီး စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က မျှော်လင့်ချက်ကြီးစွာထားရှိပြီး ဆုဖလားဆွတ်ခူးနိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ကစားသမားဘဝမှာ အကြီးကျယ်ဆုံးပွဲတစ်ပွဲကို ကစားရတော့မှာဖြစ်လို့ ဆွန်ဟောင်မင်က စိတ်လှုပ်ရှားမိတယ်လို့လည်း ဝန်ခံခဲ့ကြောင်း The Sun က ဖော်ပြသွားခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်မယ်လို့ ဆွန်ဟောင်မင်က ယုံကြည်နေပြီး ဝမ်ဒါမက်ထရိုပိုလီတန်နိုကွင်းအတွင်းကနေ အနိုင်ရသူအဖြစ်နဲ့ ပြန်လည်ထွက်ခွာလာနိုင်ဖို့လည်း တောင်ကိုရီးယားကြယ်ပွင့်က မျှော်လင့်နေပါတယ်။ ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရေးနိမ့်ထွက်ခွာခဲ့ရပြီးနောက် ငိုကြွေးခဲ့ရသလို အဖြစ်မျိုးနဲ့ ရင်မဆိုင်ချင်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
"ကျွန်တော်က အရှုံးကို မလိုချင်တဲ့ လူတစ်ယောက်ပါ၊ ကစားသမားတိုင်းလည်း ဒီလိုပဲ ပြောတတ်ကြပါတယ်၊ ဒါပေမယ့် ပွဲကြီးတွေကို အရေးနိမ့်တိုင်းမှာ ကျွန်တော်ဝမ်းနည်းကြေကွဲရပြီး အသင်းကို ကျွန်တော်ဘယ်လိုမှ မကူညီနိုင်ခဲ့ဘူးလို့ ခံစားမိပါတယ်၊ ကမ္ဘာဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်အတွက် အရမ်းစိတ်ပျက်ခဲ့ရပါတယ်"
"ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီးလုပ်နိုင်ခဲ့သင့်တယ်လို့ ခံစားမိပါတယ်၊ ဒါပေမယ့် အဲဒီရှုံးပွဲကနေ ကျွန်တော် သင်ယူနိုင်ခဲ့ပါတယ်၊ ဒါကြောင့်လည်း (၁၁)လအကြာမှာ ကျွန်တော် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရတော့မှာပါ၊ အရမ်းအံ့အားသင့်စရာပါပဲ၊ အခုဆိုရင် ကျွန်တော်တို့ကြ ပီးခဲ့တဲ့ (၁၁)လထက် ပိုကောင်းတယ်ဆိုတာကို ပြသနိုင်ဖို့ အခွင့်အရေးရှိနေပါပြီ၊ ပွဲသိမ်းခရာမှုတ်တဲ့အထိ အကောင်းဆုံးကစားသွားမှာပါ"
"အမြဲတမ်းတော့ မပျော်ရွှင်နိုင်ပါဘူး၊ ဒါပေမယ့် ရှုံးနိမ့်မှုကို မလိုချင်လို့ ကျွန်တော်အကောင်းဆုံးကြိုးစားသွားမှာပါ၊ ကျွန်တော် နောက်တစ်ကြိမ်မငိုချင်တော့ပါဘူး၊ ငိုကြွေးတာက ကျွန်တော့်စိတ်ခံစားချက်ကြောင့်မဟုတ်ပါဘူး၊ အရှုံးကို ကျွန်တော်မလိုချင်လို့ပါ၊ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာက ကျွန်တော်တို့အလုပ်ကို ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသလဲဆိုတာကို ပြသနိုင်ခဲ့တာပါ"လို့ ဆွန်ဟောင်မင်က ပြောသွားခဲ့ပါတယ်။