ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ခုအဖြစ် ဂျူဗင်တပ်စ် နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ ဒုတိယအကျော့ပွဲကို ကစားသွားကြမှာပါ။ ပထမအကျော့က ရလဒ်ကြောင့် ရုန်းကန်ရမယ့် ဂျူဗင်တပ်စ် နဲ့ ရော်နယ်ဒိုရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့လည်း ပရိသတ်တွေက ဒီပွဲကို စိတ်ဝင်စားနေပြီး အက်သလက်အနေနဲ့ ရော်နယ်ဒိုကို တားဆီးနိုင်ဖို့ အစွမ်းကုန်အားထုတ်မှာမို့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ ဒါကြောင့် ဒီပွဲနဲ့ ပတ်သက်ပြီး ပွဲကြိုအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
နှစ်ဖက်အသင်း ဒဏ်ရာရ/ပွဲပယ်သတင်း
- အက်သလက်တီကိုအသင်းမှာ ကွင်းလယ်လူ သောမတ်စ်ပါတေး ပွဲပယ်ခံထားရလို့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။
- အသင်းခေါင်းဆောင်ဂိုဒင်ကတော့ ဒဏ်ရာပြသနာကနေ သက်သာလာပြီး ပါဝင်နိုင်မယ်လို့ ဆီမြွန်နီက အတည်ပြုထားပါတယ်။
- ဂျူဗီမှာလည်း နောက်ခံလူဆန်ဒရိုပွဲပယ်ခံထားရလို့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။
- ခီဒီရာ၊ ကွာဒရာဒို နဲ့ ကော်စတာတို့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး ရော်နယ်ဒိုကတော့ ပွဲထွက်ကစားသမားအနေနဲ့ သေချာပေါက် ပါဝင်လာမှာပါ။
အချက်အလက်၊ ထိပ်တိုက်တွေ့ဆုံမှုများ
- အက်သလက်တီကိုဟာ ချန်ပီယံလိဂ်မှာ နည်းပြဆီမြွန်နီလက်ထက် အီတလီကလပ်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ရှုံးပွဲလုံးဝမရှိပဲ (၅)ပွဲနိုင်၊ သရေ (၂)ပွဲ ကျခဲ့ပါတယ်။
- အဲဒီ (၇)ပွဲမှာ ပေးဂိုး တစ်ဂိုးသာ ရှိခဲ့ပြီး အေစီမီလန်နဲ့ ကစားခဲ့တဲ့ ၂၀၁၄ ခုနှစ်ကပွဲမှာ ကာကာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
- ဂျူဗင်တပ်စ်ကတော့ ချန်ပီယံလိဂ်မှာ ဘယ်တုန်းကမှ (၃)ပွဲဆက် အရေးမနိမ့်ဖူးခဲ့ပါဘူး။
- နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲ အဝေးကွင်း (၈)ပွဲမှာ အက်သလက်ဟာတစ်ပွဲသာ အနိုင်ရခဲ့ပြီး ၂၀၁၇ တုန်းက လေဗာကူဆင်ကို ၄-၂ နဲ့ အနိုင်ရခဲ့တာပါ။
- အက်သလက်အသင်းဟာ ဒီရာသီ အဝေးကွင်းချန်ပီယံလိဂ်ပွဲတွေမှာ (၈)ကြိမ်သာ ဂိုးကန်သွင်းခွင့်ရခဲ့ပြီး (၂)ဂိုးသာ ရရှိခဲ့ပါတယ်။
- ဂျူဗင်တပ်စ်ကတော့ ချန်ပီယံလိဂ်ပေးဂိုး (၇)ဂိုးအထိ ဒီရာသီမှာ ခွင့်ပြုထားရပြီးတော့ တည်ကန်ဘောကတဆင့် ပေးခဲ့ရတဲ့ သွင်းဂိုးက (၆)ဂိုးအထိ ရှိခဲ့ပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
ခန့်မှန်းချက်
ဂျူဗင်တပ်စ် ၃-၁ အက်သလက်တီကို