မက်ဆီက နိုင်ငံအသင်းနဲ့ အောင်မြင်မှု လုံးဝမရရှိခဲ့သူ ဖြစ်ပါတယ်။

မက်ဆီရဲ့ အသက်က (၃၁)နှစ် ရှိပါပြီ။ လက်ရှိအချိန်ထိ သူက ထိပ်တန်းအဆင့်ခြေစွမ်းနဲ့ ကစားနေနိုင်ဆဲပါ။ ဒါပေမယ့် သူ့ရဲ့ ကစားသမားဘဝက နေဝင်ချိန်မဟုတ်ရင်တောင် ဆည်းဆာချိန်ကို ရောက်နေပါပြီ။ ကလပ်အသင်းကစားသမားဘဝမှာ သူမရရှိဖူးတဲ့ ဆုဖလား၊ မရရှီဖူးတဲ့ တစ်ဦးချင်းဆုတံဆိပ်ဆိုတာက လုံးဝမရှိသလောက် ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့် လက်ရွေးစင်အသင်းနဲ့ ပတ်သက်ပြီးတော့ မက်ဆီရဲ့ အောင်မြင်မှုက အမြဲတမ်းလိုလို ဇီးရိုးဖြစ်နေခဲ့ပါတယ်။ ဒါကပဲ သူ့ရဲ့ အားနည်းချက်ကြီးတစ်ခုဖြစ်နေခဲ့ပြီး မက်ဆီရဲ့ တစ်ဘဝလုံးကို ခြောက်လှန့်နေမယ့် အိပ်မက်ဆိုးကြီးလည်း ဖြစ်နေပါတယ်။



မက်ဆီက အာဂျင်တီးနားအတွက် အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ပေမယ့်လည်း ဒီဆုတံဆိပ်က အဓိကဆုတံဆိပ်၊ အဓိကဆုဖလားအဖြစ်တော့ သတ်မှတ်မခံရပါဘူး။ မက်ဆီအနေနဲ့ အာဂျင်တီးနားအတွက် ဆုဖလားဆွတ်ခူးပေးနိုင်ဖို့ အနီးစပ်ဆုံးအနေအထားတွေမှာ ရှိခဲ့ပေမယ့်လည်း အမြဲတမ်းဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝမှာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲ (၃)ကြိမ်၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲ (၁)ကြိမ် ကစားခဲ့ဖူးပေမယ့် အကြိမ်တိုင်းမှာ ဒုတိယနဲ့သာ နှစ်သိမ့်နေခဲ့ရပါတယ်။ ဒီအတွက် အခုမကြာခင် ကစားတော့မယ့် ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲက မက်ဆီအတွက် ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခုအဖြစ် ရှိလာခဲ့ပါပြီ။

အာဂျင်တီးနားနဲ့အတူ မက်ဆီက ကိုပါအမေရိကဖလားပြိုင်ပွဲ နောက်ဆုံး (၄)ကြိမ်မှာ (၃)ကြိမ်အထိ ဗိုလ်လုပွဲကစားခဲ့ရပါတယ်။ ဒါပေမယ့် ဘရာဇီးလ်၊ ချီလီ (၂)ကြိမ်တို့ကို အရေးနိမ့်ခဲ့ပြီး ဒုတိယနေရာသာ ရခဲ့ပါတယ်။ ဒါက မက်ဆီအတွက်တော့ အကောင်းဆုံးအခွင့်အလမ်းတွေကို လက်လွှတ်ခဲ့ရမှုဖြစ်ခဲ့ပြီး နိုင်ငံအသင်းနဲ့အတူ အဓိကဆုဖလားတစ်လုံးရရှိမယ့် အခွင့်အရေးတွေကို လွဲချော်ရမှုဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးမှ ဂျာမနီကို အရေးနိမ့်ခဲ့လို့ မက်ဆီက ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။ ဒါက သူ့ရဲ့ ကစားသမားဘဝမှာ အမည်းစက်စွန်းထင်းမှုတွေ ဖြစ်လာဖို့ အကြောင်းတရားတွေ ဖြစ်ပြီး မက်ဆီကိုယ်တိုင်လည်း ဒီအတွက် မချင့်မရဲဖြစ်နေခဲ့ရတာ အမှန်တရားပါ။

အခုတော့ မက်ဆီအတွက် နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုရဖို့ အခွင့်အရေးက ရှိလာခဲ့ပြန်ပါပြီ။ ဘရာဇီးလ်မှာ ကျင်းပမယ့် (၄၆)ကြိမ်မြောက် ကိုပါပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့က မက်ဆီရဲ့ လက်ထဲမှာ ရှိနေပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးလုပ်ယူလို့ရမယ့် အနေအထားမှာ မက်ဆီအနေနဲ့ အာဂျင်တီးနားအတွက် ပထမဆုံးအကြိမ် အဓိကဆုဖလားတစ်လုံးကို ရယူပေးနိုင်မလားဆိုတာ အားလုံးကလည်း သိချင်နေကြပါတယ်။ အပေါ်မှာ ဆိုခဲ့တဲ့အတိုင်း မက်ဆီရဲ့ ကစားသမားဘဝက ဆည်းဆာချိန်ဖြစ်နေပါပြီ။ ဘာစီလိုနာမှာ သူ အစွမ်းကုန်တေက်ပနေတာကလည်း ဆည်းဆာချိန်မှာ အစွမ်းကုန်ထွန်းလင်းပြနေတဲ့ နေမင်းလိုမျိုးလို့ ဆိုရင်လည်း ရပါလိမ့်မယ်။ မက်ဆီ ပြုလုပ်ပြရမှာက လုံးဝစုန်းစုန်းမြုပ်မသွားခင်မှာ သူ့ရဲ့ နိုင်ငံတကာကစားသမားဘဝကို အောင်မြင်မှုအလှတရားတွေနဲ့ ဖြန့်ကျက်သွားဖို့ပါပဲ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်မှာ မက်ဆီရဲ့ အသက် (၃၄)နှစ် ရှိနေပါပြီ။ ဒီအတွက် သူ ပါဝင်ကစားဖို့ဆိုတာက မသေချာ၊မရေရာတဲ့ အနေအထားဖြစ်နေပါတယ်။ ၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲကို အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့လည်း ရှိနေပါတယ်။ စောဒကတက်စရာက အဲဒီပြိုင်ပွဲမှာရော မက်ဆီ ဆုဖလားမျှော်လင့်လို့ရပါသေးတယ်ဆိုတာပါ။ ဒါပေမယ့်လည်း ပြန်ထောက်ပြစရာက လက်ရှိခြေစွမ်းကို သူ ဘယ်လောက်ထိ ထိန်းသိမ်းနိုင်မှာလဲဆိုတာပါပဲ။ မက်ဆီရဲ့ ပရိသတ်တွေ အမြဲတမ်းလိုလို ပြောလေ့ရှိတာက သူတစ်ယောက်တည်းနဲ့ ဘာမှလုပ်လို့မရဘူးဆိုတာပါ။ တကယ်လည်း ဒီစကားကမှန်ပါတယ်။ မက်ဆီက အာဂျင်တီးနားမှာ ကိုယ်တိုင်ဖန်တီး၊ ကိုယ်တိုင်ဂိုးသွင်းနေရသူအဖြစ် ကစားပေးနေရတာ ကြာမြင့်နေပါပြီ။သူ့ကို ဖန်တီးပေးမယ့်သူ၊ ထောက်ပံ့ပေးမယ့်သူ ရှားပါးနေခဲ့မှုမှာ သူတစ်ယောက်တည်းအားနဲ့ အပြည့်အဝထမ်းမတင်နိုင်ခဲ့ပါဘူး။

လက်ရှိမှာ သူ့ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေတာတောင်မှ ဆုဖလားဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်နည်းပါးနေပါတယ်။ နောက်တစ်နှစ် အသက်ပိုကြီးပြီး ခြေစွမ်းပိုင်းပိုကျလာနိုင်တဲ့ အချိန်မှာ သူ့အတွက် ဆုဖလားမျှော်လင့်ဖို့ဆိုတာက ပိုပြီးတော့ မဖြစ်နိုင်တေ့ာပါဘူး။ ခဲတစ်လုံးကို လက်ဆကောင်းကောင်းနဲ့ အမြင့်ဆုံးထိရောက်အောင် ပစ်နိုင်ပေမယ့် အချိန်တန်ရင်တော့ အောက်ကို ပြန်ကျလာတာ ဓမ္မတာပါပဲ။ မက်ဆီလည်း ထိုနည်းလည်းကောင်းပါပဲ။ သူ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ကျဆင်းလာဖို့ပဲ ရှိပါတယ်။ ဒီထက်ပိုပြီး တက်လာစရာမရှိတော့ပါဘူး။ မက်ဆီအနေနဲ့ သူ့ရဲ့ ကစားသမားဘ၀ လက်ရွေးစင်အိပ်မက်ဆိုးတွေကို ချေဖျက်နိုင်ဖို့က မကြာခင်ကစားတော့မယ့် ကိုပါအမေရိကဖလားပြိုင်ပွဲက နောက်ဆုံးမျှော်လင့်ချက်လို့ပဲ ပြောချင်ပါတယ်။ ဒီမျှော်လင့်ချက်ကို သူ ပြည့်ဝအောင် စွမ်းဆောင်နိုင်မှ သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝမှတ်တမ်းက လှပပါလိမ့်မယ်။ ဒီလိုမှမဟုတ်ခဲ့ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်၊ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားလို့ တင်စားခံခဲ့ရသူတစ်ယောက်ဟာ လက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှု ဘာဆိုဘာမှမရှိခဲ့ဘူးဆိုတဲ့ မှတ်တမ်းနဲ့ နေဝင်သွားပါလိမ့်မယ်လို့ ယူဆမိရင်း..။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က