အသင်းဥက္ကဌဘာတိုမြူက ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ဘာတိုမြူက အဓိကကစားသမားတွေကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး သူ့ရဲ့ရာထူးကိုလည်း စွန့်ခွာမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။ 


မက်ဆီအပါအဝင် ကစားသမား ၈ဦးဟာ ရောင်းချသွားဖို့မဟုတ်ဘူးလို့ ဘာစီလိုနာအသင်းဥက္ကဌဂျိုးဆက်ဘာတိုမြူက ပြောဆိုခဲ့ပါတယ်။ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရဖို့ရှိနေပေမယ့် ဘာတိုမြူက အဓိကကစားသမားတွေကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး သူ့ရဲ့ရာထူးကိုလည်း စွန့်ခွာမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။ 

Barcelona TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာဟာ နည်းပြဆက်တီယန်နဲ့ အားကစားဒါရိုက်တာအဘီဒယ်တို့ကို ရာထူးကနေ ထုတ်ပယ်ထားခဲ့ပြီးဖြစ်ပါတယ်။ လာလီဂါအမှတ်ပေးဖလားကို ရီးရဲလ်မက်ဒရစ်ဆီ လွှဲအပ်ခဲ့ရသလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း ဘိုင်ယန်ကို ၈-၂ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ အကြီးစားပြင်ဆင်မှုတွေပြုလုပ်ရတော့မှာလည်းဖြစ်ပါတယ်။ 

"မက်ဆီက လုံးဝထိမရတဲ့ကစားသမားဖြစ်ပြီး အသင်းပြောင်းရွှေ့မှာလည်းမဟုတ်ပါဘူး၊ ဒါကို ကျွန်တော်တို့ရော၊ သူရော သိပါတယ်၊ တာစတီဂန်၊ လန်ဂ်လက်၊ ဆယ်မီဒို၊ ဒီဂျောင်၊ ဂရစ်မန်း၊ ဒမ်ဘီလီတို့ကလည်း အသင်းမှာဆက်ရှိနေမှာပါ" လို့ ဘာတိုမြူက ပြောဆိုခဲ့ပြီး လူငယ်ကစားသမားအန်ဆူဖာတီကိုလည်း အသင်းမှာဆက်ရှိနေဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

"ကစားသမားတွေအတွက် ကမ်းလှမ်းမှုတွေရရှိထားပေမယ့် ဘာစီလိုနာက ကစားသမားတွေကို ရောင်းချသွားဖို့မလိုအပ်ပါဘူး၊ အန်ဆူဖာတီက အသင်းရဲ့ ကြီးမားတဲ့အနာဂတ်ပါ၊ ဒါကို သူ့ကိုလည်း အသိပေးပြီးဖြစ်ပါတယ်" လို့ ဘာတိုမြူက ထပ်ပြောခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ မကြာခင်မှာ နည်းပြသစ်အဖြစ် အသင်းကစားသမားဟောင်း ရော်နယ်ကိုးမန်းကို ခန့်အပ်တော့မှာလည်းဖြစ်ပါတယ်။ 

သူ့ရဲ့အနေအထားနဲ့ပတ်သက်ပြီးတော့လည်း ဘာတိုမြူက "ကျွန်တော်နုတ်ထွက်စရာလည်းမလိုအပ်ပါဘူး၊ လာမယ့်ရာသီအတွက် အစီအစဉ်တွေပြုလုပ်ထားပြီးဖြစ်ပါတယ်၊ နုတ်ထွက်လိုက်တာကလွယ်ပါတယ်၊ ဒါပေမယ့် ဒါက တာဝန်ယူမှုမရှိဘူးဆိုတဲ့သဘောပါပဲ၊ အားကစားနဲ့ပတ်သက်ပြီး အကျပ်အတည်းတွေရှိနေတာမှန်ပေမယ့် အဖွဲ့အစည်းဆိုင်ရာပြသနာတော့မဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က