အုပ်စု (ခ)ရဲ့ အဖွင့်ပွဲပါ။
Pyae Phyo Thein

ဒီနေ့မှာ စတင်ကျင်းပတဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အုပ်စု (ခ)ရဲ့ အဖွင့်ပွဲအဖြစ် ဘာစီလိုနာ နဲ့ PSV တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ရည်မှန်းထားတဲ့ ဘာစီလိုနာ နဲ့ ဟော်လန်လိဂ်မှာ ခြေစွမ်းထက်နေတဲ့ PSV တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။



 

ဘာစီလိုနာကတော့ အိမ်ကွင်းမှာ အနိုင်ရရှိဖို့အတွက် မက်ဆီ၊ ဆွာရက်ဇ်၊ ဒမ်ဘီလီ၊ ကော်တင်ဟိုတို့လို တိုက်စစ်ကစားသမားတွေကို အသုံးပြုပြီး ပွဲထွက်ခဲ့ကာ အဓိကကစားသမား အများအပြားနဲ့ PSV ကို ရင်ဆိုင်ခဲ့ပါတယ်။ PSV ကလည်း အဝေးကွင်းမှာ သရေတစ်မှတ် ရရှိဖို့ လိုဇာနို၊ ဒီဂျောင်တို့ကို တိုက်စစ်မှာ ထားရှိခဲ့ပြီး ဂိုးသမားအဖြစ် ဇိုရက်ပါဝင်ခဲ့ကာ အမာခံကစားသမားတွေနဲ့ နူးကမ့်မှာ ပွဲထွက်ခဲ့ပါတယ်။

 

ပွဲစတာနဲ့ ဘာစီလိုနာက သူတို့ရဲ့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူခဲ့ပြီး ကစားကွက်အသာနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း PSV ရဲ့ ခုခံကစားပုံ ကောင်းမွန်နေမှုက ဘာစီလိုနာကို အနည်းငယ် အခက်တွေ့စေခဲ့ပြီး ဘာစီလိုနာ တိုက်စစ်ပိုင်းမှာလည်း နားလည်မှု လိုအပ်နေတာကြောင့် သွင်းဂိုးတွေရဖို့တော့ အချိန်စောင့်ခဲ့ရပါတယ်။

 

ဒီပွဲရဲ့ အဖွင့်ဂိုးကို ပွဲချိန် (၃၂)မိနစ်မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကတဆင့် မက်ဆီက လှလှပပသွင်းယူခဲ့ပါတယ်။ မက်ဆီရဲ့ ဖရီးကစ်ကန်သွင်းချက်ဟာ လှပသေသပ်ခဲ့ပြီး ဇိုရက်ရဲ့ ဘယ်ဘက်အဝေးထောင့်ကို တန်းတန်းမတ်မတ် ဝင်ရောက်ခဲ့တာကြောင့် ဘာစီလိုနာတို့ အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။ မက်ဆီအတွက်လည်း ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ဂိုးကို သွင်းယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

ဂိုးရပြီးနောက်မှာလည်း ဘာစီလိုနာကပဲ ဖိအားပေးကစားနိုင်ခဲ့ပြီး PSV ကတော့ တန်ပြန်တိုက်စစ်တွေနဲ့သာ အံတုခဲ့ရပါတယ်။ PSV အနေနဲ့ ဂိုးကန်သွင်းခွင့်၊ ဘောလုံးပိုင်ဆိုင်မှုတွေ မယ်မယ်ရရ မရှိခဲ့ပဲ ဘာစီလိုနာရဲ့ ကစားကွက်အောက်မှာ နစ်မြုပ်နေခဲ့ရပြီး ဂိုးထပ်မပေးရဖို့သာ အဓိကထား ကာကွယ်ခဲ့ရပါတယ်။

 

(၇၅)မိနစ်မှာတော့ ကော်တင်ဟိုရဲ့ ပေးပို့မှုကတဆင့် ဒမ်ဘီလီက လှလှပပ ကန်သွင်းယူခဲ့ကာ ဒုတိယဂိုး ရရှိခဲ့ပါတယ်။ အဆိုပါဂိုးရရှိပြီး (၂)မိနစ်အကြာမှာပဲ ဘာစီလိုနာတိုက်စစ် တွဲလုံးကတဆင့် မက်ဆီက ဂိုးဧရိယာထဲမှာ ဘယ်ခြေနဲ့ အပိုင်ပိတ်သွင်းခဲ့လို့ တတိယမြောက်ဂိုး ရရှိခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ PSV ရဲ့ တိုက်စစ်ကို ဟန့်တားရာမှာ အမ်တီတီ ကြမ်းတမ်းစွာ ကစားခဲ့လို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

 

အဲဒီနောက်မှာတော့ ဘာစီလိုနာက ဒမ်ဘီလီ၊ ကော်တင်ဟို၊ ရာကီတစ်တို့ (၃)ဦးကို အာသာ၊ လန်ဂ်လက်၊ ဗီဒယ်တို့နဲ့ လူစားလဲလှယ်ခဲ့ပြီး ပွဲအရှိန်ကို လျှော့ချကာ အနိုင်ရလာဒ်ကို ထိန်းသိမ်းကစားသွားခဲ့ပါတယ်။ ပွဲချိန် (၈၈)မိနစ်မှာတော့ မက်ဆီက သူ့ရဲ့ ဟက်ထရစ်သွင်းဂိုးအဖြစ် နောက်တစ်ဂိုး ထပ်မံသွင်းခဲ့ပါတယ်။

 

ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာကြောင့် ဘာစီလိုနာကတော့ အုပ်စုတွင်းမှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်တီတီ ပွဲပယ်ခံရမယ့် အနေအထားကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က