ဘလွန်းဒီအော်ဆုလက်ခံရယူပြီးနောက်မှာ အနားယူဖို့ အရိပ်အမြွက်ပြောခဲ့တာပါ။
Kg Htet

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲဲ့ အနားယူဖို့ အရိပ်အမြွက်ပြောကြားမှုကို နားလည်မှုလွဲနေကြတာဖြစ်တယ်လို့ အသင်းဖော် လူးဝစ္စဆွာရက်ဇ်က ရှင်းလင်းပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

လီယွန်နယ်မက်ဆီက ပြီးခဲ့တဲ့တနင်္လာနေ့ညက ဘလွန်းဒီအော်ဆုကို လက်ခံရယူပြီးနောက် အနားယူရမယ့်အချိန်က တဖြည်းဖြည်းနီးကပ်လာနေပြီလို့ ပြောကြားခဲ့ပြီး အနားယူမယ့်အကြောင်းကို အရိပ်အမြွက်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူးဝစ္စဆွာရက်ဇ်က အာဂျင်တီးနားကြယ်ပွင့်ရဲ့ မှတ်ချက်စကားကို အားလုံးက အဓိပ္ပာယ်ကောက်လွဲနေကြတာဖြစ်တယ်လို့ ယုံကြည်နေပြီး လီယွန်နယ်မက်ဆီဟာ နောက်ထပ်နှစ်တွေအများကြီး ကစားဖို့ ရှိသေးတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ ဘာလို့လဲဆိုတော့ သူက တစ်သက်မှာ တစ်ကြိမ်သာတွေ့နိုင်တဲ့သူဖြစ်ပြီး သမိုင်းတွေ ရေးထိုးနေတဲ့သူမို့လို့ပါ”

“သူငယ်ချင်းတစ်ယောက်အနေနဲ့ရော အသင်းဖော်တစ်ယောက်အနေနဲ့ပါ ဘလွန်းဒီအော်ဆုက ကျွန်တော့်ကို ပျော်ရွှင်စေပြီး ဂုဏ်ယူစေပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက သူ့အတွက် လှပတဲ့အခိုက်အတံ့မို့လို့ပါ”

“သူ့ရဲ့ပြောကြားချက်က အဓိပ္ပာယ်ကောက်လွဲနေတာပါ။ တစ်စုံတယောက်က ဘလွန်းဒီအော်ဆုကို ရရှိတဲ့အခါမှာ သူတို့တွေက ပျော်ရွှင်နေကြသလို စိတ်လည်းလှုပ်ရှားနေတတ်ပါတယ်”

“လီယိုက လူသားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့အားလုံးလိုပဲ စိတ်လှုပ်ရှားတတ်ပါတယ်။ သူ ပြောချင်ခဲ့တာက နှစ်အနည်းငယ်အတွင်းမှာ အနားယူရမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရုန်းကန်နေရတယ်ဆိုတာပါ”

“အဲဒါက နားလည်မှုလွဲသွားတာပါ။ ဒါပေမယ့် လီယိုမက်ဆီက နောက်ထပ် အချိန်အတော်ကြာ ကစားနေသေးမယ်လို့ ကျွန်တော်ကတော့ သေချာပါတယ််”လို့ beIN SPORTS ကို ပြောကြားခဲ့ပါတယ်။


Author


က္က