အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ အာဂျင်တီးနားကိုတော့ အောင်မြင်မှုတစ်စုံတစ်ရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိလို့ ဝေဖန်မှုတွေကို အမြဲတမ်းလိုလို ရင်ဆိုင်နေခဲ့ရပါတယ်။
ကိုလံဘီယာအသင်းတိုက်စစ်မှူး ဖယ်လ်ကာအိုက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဘက်က ကာကွယ်ပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။ ကိုလံဘီယာ နဲ့ အာဂျင်တီးနားတို့ဟာ ကိုပါအမေရိကဖလား အုပ်စု (ခ) ပွဲဦးထွက်မှာ ရင်ဆိုင်ခဲ့ရပြီးတော့ ကိုလံဘီယာက (၂-ဝ)နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
မက်ဆီဟာလည်း အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ခြေစွမ်းမပြနိုင်ဘူးလို့ ဝေဖန်ခံနေရပါတယ်။ ဘာစီလိုနာနဲ့အတူ ဆုဖလားအများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ အာဂျင်တီးနားကိုတော့ အောင်မြင်မှုတစ်စုံတစ်ရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိလို့ ဝေဖန်မှုတွေကို အမြဲတမ်းလိုလို ရင်ဆိုင်နေခဲ့ရပါတယ်။
၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအတွက် ဆုဖလားဆွတ်ခူးပေးနိုင်ဖို့ မက်ဆီကို မျှော်လင့်ခဲ့ကြပေမယ့် အဖွင့်ပွဲမှာပဲ အရေးနိမ့်လို့ ဝေဖန်မှုတွေကို တွေ့ကြုံနေခဲ့ရပါတယ်။ ဒီအပေါ်မှာ ဖယ်လ်ကာအိုက ကာကွယ်ပြောကြားခဲ့တာဖြစ်ပြီး မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ ဒဏ်ကို ခံနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။
"ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ တန်ဖိုးကို သူပေးဆပ်နေရတာပါ၊ တကယ်လို့ သူ တစ်ဂိုးသွင်းခဲ့ရင် ဘာလို့ နှစ်ဂိုးမသွင်းတာလဲလို့ သူတို့ပြောကြမှာပါ၊ သူ ဖရီးကစ်ကနေ ဂိုးသွင်းနိုင်ရင်လည်း လူတံတိုင်းကာကွယ်ပုံမမှန်ကန်လို့လို့ သူတိ့ု ပြောဦးမှာပါပဲ၊ အာဂျင်တီးနားအရေးနိမ့်ခဲ့ရင် သူ့အမှားလို့ ဆိုကြမှာပါ၊ သူက ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ တန်ဖိုးကို ပြန်ပေးဆပ်နေရပါတယ်" လို့ ဖယ်လ်ကာအိုက ပြောခဲ့ကြောင်း Sportskeeda က ရေးသားဖော်ပြခဲ့ပါတယ်။
အုပ်စု (ခ) ဒုတိယပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ပါရာဂွေးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ကာတာနဲ့ ကစားရမှာဖြစ်ပါတယ်။ လက်ကျန် (၂)ပွဲစလုံးကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အာဂျင်တီးနားအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး အခွင့်အရေးကျန်ရှိနေသေးတာ ဖြစ်ပါတယ်။