ရော်နယ်ဒိုရဲ့ အင်စတာဂရမ် ပုံရိပ်အသုံးပြုခက မက်ဆီထက် အမေရိကန်ဒေါ်လာ ၃သိန်းခွဲနီးပါး ပိုမို မြင့်မားနေခဲ့တာတွေ့မြင်နိုင်ပါတယ်။
အင်စတာဂရမ်စစ်တမ်း ကောက်ယူဖော်ပြလေ့ရှိတဲ့ Hopper HQ က ဖော်ပြတဲ့ အင်စတာဂရမ် ပုံရိပ်တန်ကြေးအမြင့်ဆုံး ပုဂ္ဂိုလ်ကတော့ ရော်နယ်ဒိုလို့ သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ အင်စတာဂရမ်မှာ ပုံရိပ်အသုံးပြုခအဖြစ် ပုံတစ်ပုံတင်ပါက အမေရိကန်ဒေါ်လာ ၉၇၅,၀၀၀ ရရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ရော်နယ်ဒိုရဲ့ အင်စတာဂရမ်ကို follow လုပ်ထားသူ ပရိသတ်ပေါင်း သန်း ၁၇၀ ကျော် ရှိနေကာ အများဆုံးအဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။
ရော်နယ်ဒိုရဲ့နောက် ဒုတိယနေရာမှာတော့ - ပီအက်စ်ဂျီအသင်းက ဘရာဇီး လက်ရွေးစင်နေမာက ပုံရိပ်တစ်ကြိမ်အသုံးပြုခ အမေရိကန်ဒေါ်လာ ၇၇၂,၀၀၀ နဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီကို ကျော်ဖြတ် နေရာယူထားနိုင်ပါတယ်။
လီယွန်နယ်မက်ဆီကတော့ အင်စတာဂရမ်မှာ follower ၁၂၃ သန်းကျော် ပိုင်ဆိုင်ထားပြီးပုံရိပ်တစ်ကြိမ် အသုံးပြုခမှာလည်း ရော်နယ်ဒိုထက် အမေရိကန်ဒေါ်လာ ၃ သိန်းခွဲနီးပါး လောက်လျော့နည်းနေတာ တွေ့ရပါတယ်။
ထိပ်ဆုံး ၁၀ ယောက်စာရင်းမှာတော့ ကမ္ဘာကျော် ဘောလုံးသမားဟောင်းတွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ဘရာဇီး အကျော်အမော် ရော်နယ်ဒင်ဟိုတို့နဲ့အတူ ဂါရတ်ဘေး၊ အီဘရာဟီမိုဗစ်နဲ့ ဆွာရက်ဇ်တို့လည်း ပါဝင်လာပါတယ်။ ဘောလုံးသမားမဟုတ်တဲ့ အခြား ထိပ်တန်း ၁၀ စာရင်းဝင် အားကစားသမား နှစ်ဦးကတော့ ဘတ်စကတ်ဘော အကျော်အမော် လီဘရွန်ဂျိမ်းနဲ့ ခရစ်ကတ်ကစားသမား ဗိုင်းရတ်ခိုလီတို့ ဖြစ်ကြပါတယ်။