မက်ဆီမပါဝင်တဲ့ ဘာစီလိုနာဟာ ဆီဗီလာကို အရေးနိမ့်ခဲ့ရပါတယ်။
Pyae Phyo Thein

မက်ဆီ မပါဝင်ခဲ့ပြီးနောက်မှာ ဘာစီလိုနာက ဆီဗီလာကို စပိန်ဘုရင့်ဖလားပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ဆွာရက်ဇ်၊ ကော်တင်ဟိုတို့ကို လူစားလဲထည့်သွင်းခဲ့ပေမယ့် ချေပဂိုးတော့ မရခဲ့ပါဘူး။

စပိန်ဘုရင့်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့မှာ ဆီဗီလာကို အရေးနိမ့်ခဲ့ပြီးနောက် တိုက်စစ်မှူးမက်ဆီကို အနားပေးခဲ့တာနဲ့ ပတ်သက်ပြီး နောင်တမရဘူးလို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ပြောဆိုလိုက်ပါတယ်။ ဗယ်လ်ဗာဒီက အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အသစ်ခေါ်ယူထားတဲ့ ဘိုတန် နဲ့ မယ်လ်ကွန်တို့ကို အသုံးပြုခဲ့ပြီး မက်ဆီကို အနားပေးခဲ့တာ ဖြစ်ပါတယ်။



မက်ဆီမပါဝင်ခဲ့တဲ့အတွက် ပီကေးက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ အဓိကတိုက်စစ်မှူးမပါဝင်တဲ့ ဘာစီလိုနာရဲ့ အားနည်းချက်ကို ဆီဗီလာက အသုံးချနိုင်ခဲ့ပြီး အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗယ်လ်ဗာဒီက သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ နောင်တမရဘူးလို့ ပြောသွားခဲ့ပါတယ်။

"မက်ဆီကို အနားပေးခဲ့တဲ့အပေါ် ကျွန်တော် နောင်တမရပါဘူး၊ ဒါက ကျွန်တော် လုပ်ကို လုပ်ရမယ့်ကိစ္စပါ၊ ဒီနေ့ပွဲမှာဆို ကျွန်တော် အပြောင်းအလဲတွေ လုပ်ခဲ့တယ်၊ ဒီလူစာရင်းက အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် တွေးတောခဲ့တာပါ ဒါကစွန့်စားမှုတစ်ခုလို့ ထင်ကောင်းလည်း ထင်နိုင်ပါတယ်"

"ဒါပေမယ့် အနိုင်ရခဲ့ရင် ကျွန်တော့်ဆုံးဖြတ်ချက်မှန်တယ်လို့ ပြောကြမှာပါ၊ ရှုံးနိမ့်ခဲ့ရင်တော့ ကျွန်တော့်အမှားဆိုတာ ဖြစ်မှာပါပဲ၊ တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲကလည်း အရေးကြီးပါတယ်၊ အဲဒီပွဲကို ကျွန်တော် အနိုင်လိုချင်ပါတယ်၊ နိုင်ပွဲနဲ့အတူ ကျွန်တော်တိ့ု ပြန်လာနိုင်မှာပါ" လို့ ဗယ်လ်ဗာဒီက ပြောကြားသွားခဲ့ပါတယ်။

လာမယ့် စပိန်လာလီဂါပွဲအဖြစ် ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ဂျီရိုနာနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ မက်ဆီ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး အမှတ်ပေးဇယားမှာ ရမှတ်ကွာဟမှုကို မကျဉ်းမြောင်းစေဖို့ ဘာစီလိုနာက ကြိုးစားရမှာလည်း ဖြစ်ပါတယ်။ စပိန် ဘုရင့်ဖလားကွာတားဖိုင်နယ် ဒုတိယအကျော့ကိုတော့ ဇန်နဝါရီ (၃၁)ရက်နေ့မှာ ကစားသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က