မူလက ၁ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေချမှတ်ထားတာပါ။
Kg Htet

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ကိုပါအမေရိကပြိုင်ပွဲကို ပြင်းထန်စွာဝေဖန်ခဲ့မှုကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းအတွက် ၃ လ ပွဲကစားခွင့်ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေ ဒေါ်လာ ၅ သောင်း ပေးချေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ BBC ရဲ့သတင်းအရ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ ချီလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲ တတိယလုပွဲမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပွဲအပြီးမှာ ကိုပါအမေရိကဖလားက ဘရာဇီးလ်အသင်းရရှိအောင် ဖန်တီးထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။



ယမန်နေ့က တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို ကိုပါအမေရိကပြိုင်ပွဲအပေါ် ပြင်းထန်တဲ့စွပ်စွဲပြောကြားမှုတွေအတွက် နိုင်ငံတကာပွဲကစားခွင့် ၃ လ ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေအဖြစ် ဒေါ်လာ ၅ သောင်းပေးဆောင်ရမယ်လို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ တစ်ပတ်အချိန်ရရှိမယ်လို့ သိရပြီး ပွဲကစားခွင့်ပိတ်ပင်ခံရမှုကြောင့် မက်ဆီဟာ လာမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ယှဉ်ပြိုင်ကစားရမယ့် ချီလီ၊ မက္ကဆီကို၊ ဂျာမနီတို့နဲ့ ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေဟာ ၂၀၂၀ ခုနှစ် မတ်လမှာ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အာဂျင်တီးနားအသင်းက ၂၀၁၉ ကိုပါအမေရိကအိမ်ရှင်ဖြစ်တဲ့ ဘရာဇီးလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မက်ဆီက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို ဒိုင်လူကြီးတွေရဲ့ပြင်းထန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့အမှားတွေနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့တာဖြစ်ပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ကိုပါအမေရိကပြိုင်ပွဲရဲ့သမာသမတ်ကျမှုအပေါ် စွပ်စွဲမေးခွန်းထုတ်ခဲ့တဲ့ မက်ဆီရဲ့စွပ်စွဲပြောကြားမှုတွေဟာ အခြေအမြစ်မရှိဘဲ လေးစားမှုကင်းမဲ့တာကို ကိုယ်စားပြုကြောင်း တုံ့ပြန်ခဲ့ပါတယ်။


Author


က္က