ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ အရည်အသွေးကို ဒူဒါမယ်က အထင်ကြီးပေမယ့်လည်း မက်ဆီကိုတားဆီးဖို့သက်သက်အတွက်နဲ့ အချိန်ကုန်ခံမှာမဟုတ်ဘူးလို့ပြောခဲ့ကြောင်း သိရပါတယ်။
ဗင်နီဇွဲလားအသင်းရဲ့ နည်းပြဖြစ်သူ ရာဖေးလ်ဒူဒါမယ်က ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရင်ဆိုင်ရမယ့် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီကို တားဆီးဖို့ အစီအစဉ်မရှိဘူးလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ သောကြာနေ့ (ဒီနေ့)မှာ ကစားရမယ့် ပွဲအတွက် ဒူါမယ်က အသင်းလိုက်ကစားပုံကောင်းမွန်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့လည်း ဆိုခဲ့ပါတယ်။
Xinhuanet ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ အရည်အသွေးကို ဒူဒါမယ်က အထင်ကြီးပေမယ့်လည်း မက်ဆီကိုတားဆီးဖို့သက်သက်အတွက်နဲ့ အချိန်ကုန်ခံမှာမဟုတ်ဘူးလို့ပြောခဲ့ကြောင်း သိရပါတယ်။ မက်ဆီကတော့ အာဂျင်တီးနားအတွက် အုပ်စုပွဲ (၃)ပွဲ ကစားပေးထားရာမှာ ပယ်နယ်တီကတဆင့် တစ်ဂိုးသာ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။
"၁၉၈၅ ခုနှစ်မှာ ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်တော်သတိရမိပါတယ် (အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့ရတာပါ)၊ မာရာဒိုနာကို လူကပ်ကစားဖို့ ကျွန်တော်တို့ အစီအစဉ်ချကြိုးပမ်းခဲ့ပေမယ့် သူက သွင်းဂိုး (၂)ဂိုးသွင်းယူခဲ့ပါတယ်၊ အာဂျင်တီးနားလည်း (၃-၂)နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်"
"ကမ္ဘာ့အကောင်းဆုံးကစာသမားကို တားဆီးဖို့နည်းလမ်းရှာဖွေရင်း ကျွန်တော်အချိန်ကုန်ခံမှာမဟုတ်ပါဘူး၊ ပွဲကို ဘယ်လိုပုံစံနဲ့ အကောင်းဆုံးကစားနိုင်မလဲဆိုတာကို ချမှတ်ဖို့ပဲ ကျွန်တော်စဉ်းစားထားပါတယ်၊ နည်းပြတစ်ဦးအနေနဲ့ မက်ဆီကိုတားဆီးဖို့သက်သက်ပဲ ကျွန်တော်ပြုလုပ်မှာမဟုတ်ပါဘူး၊ သူ့ကို တားဆီးဖို့သက်သက်ပဲ ကစားရမှာမဟုတ်ပါဘူး" လို့ ဒူဒါမယ်က ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားကတော့ လက်ရှိကျင်းပနေတဲ့ ကိုပါပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်ပါတယ်။ အိမ်ရှင်ဘရာဇီးလ်ကို ဂိုးမရှိသရေကစားထားနိုင်ခဲ့ပြီး ဘိုလီဗီးယားကို (၃-၁)နဲ့ အနိုင်ယူခဲ့သလို ပီရူးနဲ့လည်း ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ မာကျောတဲ့ကစားဟန်နဲ့အတူ ခြေစွမ်းကောင်းတွေပြသနေတဲ့ ဗင်နီဇွဲလားကို အာဂျင်တီးနားအနေနဲ့ ခက်ခက်ခဲခဲတော့ ကစားရဖွယ်ရှိနေပါတယ်။