ဘာစီလိုနာအသင်းက လာလီဂါ အမှတ်ပေးဖလားဆွတ်ခူးထားပေမယ့် ကိုပါဒယ်ရေးဖလားကို နည်းပြဗယ်လ်ဗာဒီက ချန်ပီယံလိဂ်ဒဏ်ရာကို ကုစားပေမယ့်ဖလားလို့ ဆိုထားခဲ့တာ ဖြစ်ပါတယ်။
ကိုပါဒယ်ရေး ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဗလင်စီယာအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဗလင်စီ ယာအသင်းက ၂-၁ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။
ဗလင်စီယာအသင်းအတွက် ရိုဒရီဂွက်ဇ်နဲ့ဂါမဲရိုးလ်တို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး ဘာစီလိုနာအတွက်ချေပဂိုး ကိုတော့ အသင်းခေါင်းဆောင်မက်ဆီက သွင်းယူပေးခဲ့တာပါ။ ပွဲမတိုင်ခင်က ဘာစီလိုနာ နည်းပ ဗယ်လ်ဗာဒီက ကိုပါဒယ်ရေး ဗိုလ်လုပွဲက ချန်ပီယံလိဂ်က ထွက်ခဲ့ရတာကို သက်သာစေနိုင်လိမ့်မယ်လို့ ဆိုခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ အရှုံးနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူက - “ ဗယ်လ်ဗာဒီမှာ စာချုပ်ရှိနေပါသေးတယ်၊ ဒီအရှုံးက သူ့တစ်ယောက်တည်း အမှားကြောင့်လို့တော့ မထင်ပါဘူး။” လို့ ပြောသွားပါတယ်။
နည်းပြ ဗယ်လ်ဗာဒီကလည်း - “ လူတိုင်းက ရှုံးရင် နောက်တစ်ကြိန်ပြန်တိုက်ဖို့ ပြောကြတယ်။ ဒီအသင်းမှာ အရှုံးက ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။ “ လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့အကြောင်း လည်း သိရပါတယ်။
ပွဲချိန်အတွင်း ကွင်းအပူချိန်က ၃၀ ဒီဂရီဆက်စီရက် အထိ ရှိနေခဲ့ပေမယ့်လည်း ဒါကို နှစ်သင်းစလုံးခံစားခဲ့ရတာ ဖြစ်တာကြောင့် ဒါကလည်း အကြောင်းပြချက်ကောင်းမဟုတ်ဘူးလို့ ဗယ်လ်ဗာဒီက ဆိုခဲ့ပါသေးတယ်။
မက်ဆီကတော့ ဗလင်စီယာအသင်းဖက်ကို ပြိုင်ပွဲစုံ ၂၈ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ဒီကနေ့ပွဲ သွင်းဂိုးတစ်ဂိုးတည်းကတော့ အနိုင်ရဖို့ မလုံလောက်ခဲ့ပေမယ့် ဗလင်စီယာ နည်းပြ ဂါစီယာအတွက်ကတော့ ဘာစီလိုနာအသင်းကို နည်းပြအနေနဲ့ ရင်ဆိုင်တဲ့ နောက်ဆုံး ပြိုင်ပွဲစုံ ၂၀ အနိုင်မရတာကို ချေဖျက်ပြနိုင်ခဲ့ပါတယ်။