ဂရုဇ်မန်းအနေနဲ့ ဂီတာဖေးကို အနိုင်ရတဲ့ပွဲမှာ မက်ဆီရဲ့ ဖန်တီးပေးမှုကတဆင့် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂီတာဖေးကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာတော့ မိမိအနေနဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီနဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်ဖို့ ယနေ့အထိ လေ့လာသင်ယူနေရဆဲလို့ ကမ္ဘာ့ဖလားပိုင်ရှင် ဂရုဇ်မန်းက ဝန်ခံ ပြောလာတယ်လို့ Goal.com ကဖော်ပြလာပါတယ်။
ဂီတာဖေးအသင်းဖက်ကို ဂိုးသွင်းယူပြီးနောက် ဘာစီလိုနာနဲ့အတူ ၅ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို ချေဖျက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲချိန် ၃၃ မိနစ်မှာ မက်ဆီရဲ့ ဖန်တီးပေးပို့မှုကတဆင့် ဘာစီလိုနာအတွက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အကောင်းဆုံး တွဲဖက်ကစားနိုင်ဖို့ ကြိုးစားနေရဆဲလို့ ဝန်ခံလာတာပါ။

“ဂီတာဖေးနဲ့ပွဲက ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာ သိပါတယ်၊ဒီကိုရောက်တာ ၆လရှိပါပြီ။သူ့(မက်ဆီ)ကို ကျွန်တော်လေ့လာနေရဆဲပါပဲ။တစ်နေ့ထက်တစ်နေ့တော့ ပိုကောင်းလာပါတယ်၊ပွဲချိန်အတွင်း ကျွန်တော် အပိုင် အခွင့်အရေး လွဲခဲ့ပါတယ်၊ဒါကလည်း မသန်တဲ့ ခြေထောက်နဲ့ကန်မိခဲ့လို့ပါ။”လို့ ဂရုဇ်မန်းက ပြောလာခဲ့ပါတယ်။
ဂရုဇ်မန်းအနေနဲ့ ဘာစီလိုနာကို ရောက်ရှိပြီးနောက် လာလီဂါ ၂၃ ပွဲမှာ ၈ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားနိုင်ပါပြီ။
ဘာစီလိုနာအနေနဲ့ နိုင်ပွဲရလို့ ထိပ်ဆုံးက ရီးရဲနဲ့ အမှတ်တူ တစ်ပွဲပိုကစားပြီး အဆင့် ၂ မှာ ဆက်လက်ရပ်တည်နေ ပါတယ်။
လာမယ့်အပတ်မှာတော့ အီဘာအသင်းကို အိမ်ကွင်း နူးကမ့်မှာ ဆက်လက်ဧည့်ခံ ကစားရဦးမှာြဖစ်ပြီး အဲ့မတိုင်ခင် နာပိုလီနဲ့ ချန်ပီယံလိဂ် ကစားရဦးမှာပါ။