ဗယ်လာဒိုးလစ်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့သူပါ။

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီဟာ ယမန်နေ့ညက ရီးရဲဗယ်လာဒိုးလစ်အသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က မက်ဆီရဲ့ ခြေစွမ်းကို ဖော်ပြဖို့ စကားလုံးမရှိတော့ဘူးလို့ ပြောကြားခဲ့ကြောင်း Sky Sports ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လီယွန်နယ်မက်ဆီဟာ ၎င်းရဲ့ ကစားသမားဘဝ အလွတ်တည်ကန်ဘောကနေ သွင်းဂိုး ၅၀ မြောက် စံချိန်တင်သွင်းဂိုးကို သွင်းယူခဲ့တဲ့ဂိုးအပါအဝင် ၂ ဂိုးသွင်းယူပေးခဲ့ပြီး အာတူရိုဗီဒယ်နဲ့ လူးဝစ္စဆွာရက်ဇ်တို့ကိုလည်း ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။



ဘာစီလိုနာအသင်းဟာ ရီးရဲဗယ်လာဒိုးလစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၇ ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီး လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြဗယ်ဗာဒီက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မက်ဆီရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ချီးကျူးဖော်ပြစရာ စကားလုံးတောင် မရှိတော့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ့အကြောင်းကို ကျွန်တော် ဘာတွေများ ပြောရဦးမှာလဲ။ ကျွန်တော့်မှာ စကားလုံးတောင်မရှိတော့ဘူး”

“ပွဲစဉ်မှာ ဘာတွေပဲဖြစ်နေဖြစ်နေ သူ ထွက်ပေါ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်းသိနေခဲ့တယ်”

“သူ့ရဲ့ ပါရမီက ဘာနဲ့မှကို နှိုင်းယှဉ်လို့မရပါဘူး။ ပကတိအမှန်တရားက သူ ဘောလုံးကို ထိလိုက်တိုင်းမှာ ထူးခြားတဲ့အရာတွေ ဖြစ်ပျက်ခဲ့ပါတယ်။ ဘာပြောရမှန်း ကျွန်တော် မသိတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပတ်မှာ လုံခြုံရေးအခြေအနေကြောင့် ရီးရဲမက်ဒရစ်အသင်းကို နူးကမ့်မှာ လက်ခံယှဉ်ပြိုင်ရမယ့် အယ်ကလက်စီကိုပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး လာမယ့်စနေနေ့မှာ လီဗန်တေးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။



က္က