ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်အနေနဲ့ လက်ကျန် ၄ ပွဲမှာ ၃ ပွဲနိုင်ရုံနဲ့ ချန်ပီယံ ဖြစ်ပါပြီ။

ဒါဘီ ပွဲစဉ်ဖြစ်တာကြောင့် ပွဲက မြိုင်ဆိုင်ခဲ့ပြီး အနီကဒ်ကြောင့် ထွက်ခဲ့ရတဲ့ အသင်းခေါင်းဆောင် မာကိုရူးစ်ကတော့ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းကတော့ ရှော်လ်ကေးအသင်းကို အိမ်ကွင်းမှာ ၂-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ ပြိုင်ဆိုင်နေတဲ့ ဘွန်ဒက်လီဂါ အမှတ်ပေးချန်ပီယံပြေးလမ်းကနေ အနည်းငယ်သွေဖယ်ခဲ့ရပါတယ်။ ဒါ့အပြင်ပိုမို ထိချက်နာခဲ့ရတာကတော့ အဆိုပါ ပွဲစဉ်ရဲ့ ပွဲချိန် ၁၄ မိနစ်မှာ မာရီယို ဂေါ့ဇီရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချေပဂိုးတွေ ပြန်ပေးလိုက်ရပြီး ၂-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။



ပွဲချိန် ၁၄ မိနစ်မှာ ဂေါ့ဇီအဖွင့်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ဆန်ချိုအနေနဲ့ ဂေါ့ဇီနဲ့ အတူ မိမိ ပရိသတ်ရှေ့ အောင်ပွဲခံစဉ် ပရိသတ်ထုထဲက မီးခြစ်နဲ့ လှမ်းပစ်ပေါက်လိုက်တာကြောင့် မျက်နှာကိုထိမှန်ခဲ့ပါတယ်။

အခုလို မျက်နှာကို မီးခြစ်နဲ့ ပစ်ပေါက်ခံခဲ့ရတဲ့ ဆန်ချိုကတော့ ဒေ့ါမွန်အသင်းအတွက် ၁၄ ဂိုးထိ ဖန်တီးပေးထား နိုင်သူ ဖြစ်ပြီး ဒီစံချိန်ဟာ ၂၀၀၉-၁၀ ခုနှစ်က ချဲလ်ဆီး ကွင်းလယ်လူ လမ်းပတ်ရဲ့ ၁၄ ကြိမ် ဂိုးဖန်တီးပေးခဲ့တဲ့ အမြင့်ဆုံး အင်္ဂလန်ကစားသမား စံချိန်နဲ့ တူညီနေတာ ဖြစ်ပါတယ်။

၄ မိနစ်အကြာမှာ ပင်နယ်တီက တဆင့် ချေပဂိုး ပြန်ပေးလိုက်ရပြီး နောက်ထပ် ၁၀ မိနစ်အကြာမှာတော့ ဦးဆောင်ခွင့်ကိုပါ ထပ်ပေးလိုက်ရပါတော့တယ်။ ဒုတိယပိုင်းမှာ ဒေါ့မွန်အသင်းက အားထားရတဲ့ ကစားသမား မာကိုရူးစ်နဲ့ မားရီးယပ်စ်ဝုလ်တို့ တိုက်ရိုက် အနီကဒ်ကိုယ်စီနဲ့ ထွက်ခဲ့ရလိုက် လက်ကျန်အချိန်တွေကို ဒေ့ါမွန်အသင်း ၉ ဦးတည်းနဲ့ ကစားခဲ့ရတာပါ။

ဒေါ့မွန်ရဲ့ အရှုံးကြောင့် ထိပ်ဆုံးက တစ်မှတ်အသာနဲ့ ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်တို့ လက်ကျန် ၄ ပွဲမှာ ၃ ပွဲ အနိုင်ကစားရုံနဲ့ ၇ နှစ်ဆက် ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က