ဂျူဗင်တပ်ကြယ်ပွင့် ဂျာအိုကန်ဆယ်လိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိနေကြောင်း သတင်းတွေအရ သိရပါတယ်။ ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဗလင်စီယာအသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး တစ်ရာသီ ကစားပြီးချိန်မှာ တူရင်ကနေ ထွက်ခွာလိုနေတာဖြစ်တယ်လို့ Tuttomercato က ဖော်ပြခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်ဆယ်လိုဟာ ယခုရာသီ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ ဒါပေမယ့် ကန်ဆယ်လိုဟာ အယ်လီဂရီရဲ့ပွဲထွက်ကစားသမားစာရင်းမှာ အမြဲတမ်းပွဲထွက်ခွင့်မရဘဲ အရေးကြီးတဲ့ပွဲစဉ်တွေမှာ အယ်လီဂရီက ဒီဆစ်ဂလီယိုကို ပိုပြီးပွဲထွက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လက နာပိုလီအသင်းကို ဂျူဗင်တပ်အသင်းက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကန်ဆယ်လိုကို ကင်းထောက်ခဲ့တယ်လို့ သိရပြီး ယခုနွေရာသီမှာ ယူနိုက်တက်အသင်းခေါင်းဆောင် ဗလင်စီယာဟာ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
နည်းပြဆိုးလ်ရှားဟာ လူငယ်ကြယ်ပွင့် ဒါလော့ကို အထောက်အပံ့ပေးနိုင်ဖို့ ညာနောက်ခံကစားသမားအသစ်ကို ခေါ်ယူလိုနေပြီး ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဝမ်ဘစ်စကာ၊ စပါးကြယ်ပွင့် ထရစ်ပီယာတို့နဲ့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့တိုက်စစ်ကိုလည်း တောင့်တင်းအောင် ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး နာပိုလီကြယ်ပွင့် အင်ဆစ်ဂနီကို ပေါင် ၈၆ သန်းနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။