အေဂျက်ကြယ်ပွင့် ဒီလစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေချိန်မှာ ရီယိုဖာဒီနန်ရဲ့ အင်စတာဂရမ်က ပို့စ်တစ်ခုကို Like ပြုလုပ်ခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒီလစ်ဟာ ယခုနွေရာသီမှာ အမ်စတာဒမ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပြီး အေဂျက်အသင်းစီအီးအိုု ဗန်ဒါဆားက ဒီလစ်ဟာ အင်္ဂလန် သို့မဟုတ် စပိန်ကို ပြောင်းရွှေ့လိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီလစ်ရဲ့အသင်းဖော် ဖရန်ကီဒီဂျောင်ကို ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ပြီး ဒီလစ်ကိုပါ ခေါ်ယူလိုနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားကလည်း အသင်းကို ပြန်လည် တည်ဆောက်ဖို့အတွက် ဒီလစ်ကို ခေါ်ယူလိုနေပြီး ဒီလစ်ရဲ့ အင်စတာဂရမ်က အပြုအမူဟာ မန်ချက်စတာယူနိုက်တက်အသင်းကို မီးစိမ်းပြလိုက်တယ်လို့ ယူဆရပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ရီယိုဖာဒီနန်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ပုံကို အင်စတာဂရမ်မှာ မျှဝေခဲ့တာာဖြစ်ပြီး ဒီလစ်က ယင်းပုံကို Like ပေးခဲ့တာဖြစ်ပါတယ်။ ဖာဒီနန်က ပုံနဲ့အတူ “၂၀၀၈ ခုနှစ် မေလ ၂၁ ရက်နေ့ မော်စကိုမှာ မိုးတွေရွာနေခဲ့တယ်။ အံ့အားသင့်စရာကောင်းလိုက်တဲ့ည၊ အံ့အားသင့်စရာကောင်းလိုက်တဲ့ အသင်း”လို့ ရေးသားထားခဲ့ပါတယ်။