အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အသိပေးတောင်းဆိုခဲ့တာပါ။

အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ရိုဒရီဟာ အသင်းကနေ ထွက်ခွာလိုကြောင်း အသိပေးပြောကြားခဲ့ပြီး နောက်ထပ်ပြောင်းရွှေ့လိုတဲ့နေရာဟာ မန်ချက်စတာစီးတီးအသင်းဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Daily Mail ရဲ့သတင်းအရ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုဒရီဟာ ၎င်းရဲ့စာချုပ်ဖျက်သိမ်းကြေးကို ပေးချေလိုနေတဲ့ မန်ချက်စတာစီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို စဉ်းစားဖို့ အချိန်တောင်းဆိုခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း စာချုပ်သစ် ကမ်းလှမ်းထားတာဖြစ်ပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းဟာ ရိုဒရီကို ခေါ်ယူဖို့ စီစဉ်ထားခဲ့ပြီး မန်ချက်စတာစီးတီးရဲ့အဓိကပြိုင်ဘက်အဖြစ် ယူဆခြင်းခံထားရတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ရိုဒရီဟာ မန်ချက်စတာစီးတီးနည်းပြဂွါဒီယိုလာနဲ့လက်တွဲလိုကြောင်း တနင်္လာနေ့မှာ အသင်းဥက္ကဌကို အသိပေးခဲ့တယ်လို့ နားလည်ရပါတယ်။

ဘာစီလိုနာအသင်းကလည်း စပိန်လက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းခဲ့သေးတယ်လို့ သိရပြီး ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ၄၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။

ရိုဒရီဟာ ကွင်းလယ်ခံစစ်နေရာမှာ အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်ပြီး ၂၀၁၈ ခုနှစ်မေလမှာ ဗီလာရီးရဲအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရိုဒရီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၅ ခုနှစ်မှာ ဗီလာရီးရဲအသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လမှာ စပိန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ရိုဒရီရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၆၂.၅ သန်းရှိတယ်လို့ သိရပြီး စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က