loading...

loading...

loading...

ဒီနေ့ည (၁း၃၀)နာရီမှာ ကစားကြတော့မှာပါ။
Pyae Phyo Thein

ဒီနေ့မှာတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့ လက်ကျန် (၂)ပွဲကို ဆက်လက်ကစားမှာဖြစ်ပါတယ်။ ပေါ်တို နဲ့ လီဗာပူးလ်၊ မန်စီးတီး နဲ့ စပါးတို့ရဲ့ ပွဲစဉ်တွေဖြစ်ပြီး ပထမအကျော့မှာ လီဗာပူးလ်က ပေါ်တိုကို (၂-ဝ)၊ စပါးက မန်စီးတီးကို (၁-ဝ)နဲ့ အနိုင်ရထားပြီး ဆီမီး ဖိုင်နယ်ပွဲအတွက် အခွင့်အရေးက အနည်းနဲ့အများ ရှိနေကြသေးလို့ အကြိတ်အနယ်ဖြစ်ဦးမှာ သေချာပါတယ်။

စိတ်ဝင်စားစရာကောင်းတာက မန်စီးတီး နဲ့ စပါးပွဲဖြစ်ပြီး စပါးအနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ရောက်နိုင်မလားဆိုတာပါပဲ။ ဒီပွဲမှာ ဟယ်ရီကိန်း ပါဝင်နိုင်မှာမဟုတ်လို့ စပါးတိုက်စစ်အားနည်းဖွယ်လည်း ရှိနေပါတယ်။ မန်စီးတီးကို ကျော်ဖြတ်ဖို့အတွက် စပါးတို့ ကြိုးစားရမှာဖြစ်ပြီး ဒီပွဲမှာ သူတို့အနိုင်ရရှိသွားနိုင်တဲ့ နည်းလမ်း (၃)ခု ရှိနေပါတယ်။

၁။ မန်စီးတီးတိုက်စစ်ကို အချည်းနှီးဖြစ်စေဖို့

ဂွာဒီယိုလာက ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားဟန်ကို နှစ်ခြိုက်သူဖြစ်ပြီး တရစပ်တိုက်စစ်ဆင်နေဖို့ အသင်းကို တည်ဆောက်ထားပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ မန်စီးတီး ကွင်းလယ်ကစားသမားတွေနဲ့ တိုက်စစ်မှူးတွေက ပြိုင်ဘက်ရဲ့ နောက်ဆုံးခံစစ်ဇုန်အတွင်းမှာ ပြိုင်ဘက်ကို Pressing ကောင်းကောင်းလုပ်ပြီးတော့ ဖိအားပေးလေ့ရှိပါတယ်။

ဒါကို မခုခံနိုင်တဲ့ အသင်းတွေက မန်စီးတီးကို အရှုံးပေးခဲ့ရပါတယ်။ စပါးအနေနဲ့ ဘောလုံးပိုင်ဆိုင်ချိန်မှာ ယုံကြည်မှုအပြည့်ရှိနေဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ခံစစ်ကစားသမားတွေက စွမ်းရည်ပြည့်ဝတဲ့ ကစားသမားတွေဖြစ်ပြီး ဗာတွန်ဂန် နဲ့ အယ်လ်ဒါဝီရယ်တို့က ဘောလုံးကိုင်ကစားနိုင်စွမ်း ရှိသူတွေပါ။ မန်စီးတီးရဲ့ ဖိအားပေးမှုကိုလည်း ပထမအကျော့မှာအကောင်းဆုံး ခုခံပြခဲ့ပါတယ်။ စပါးကွင်းလယ်လူတွေအနေနဲ့ ဘောလုံးကို တောင်ပံတွေကို ထုတ်ပြီးကစားတာထက် မန်စီးတီးရဲ့ ဗဟိုကွင်းလယ်မှာပဲ နေရာလွတ်တွေရှာပြီး ဖိအားပေးဖို့ ကြိုးစားသင့်ပါတယ်။

စပါးဘက်ကသာ လျှင်လျှင်မြန်မြန်နဲ့ ကစားနိုင်မယ်ဆိုရင် မန်စီးတီးကစားသမားတွေ Position Out လာမှာဖြစ်ပြီးတော့ တန်ပြန်တိုက်စစ်နဲ့ သူတို့ကို ဒုက္ခပြန်ပေးနိုင်မှာပါ။ ဆွန်ဟောင်မင်က ဗဟိုခံစစ်မှူးနဲ့ အစွန်ခံစစ်ကစားသမားတွေကြားမှာ ကောင်းကောင်းကစားနိုင်ပြီး အလုပ်ရှုပ်စေမှာပါ။ ဒီပုံစံကို ဆွမ်ဆီးက မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ အသုံးပြုခဲ့ပြီးတော့ (၂)ဂိုးအထိ မန်စီးတီးကို သွင်းယူနိုင်ခဲ့ပါတယ်။

၂။ တောင်ပံတိုက်စစ်တွေကို ကာကွယ်ရမယ်

ဂွာဒီယိုလာရဲ့ အသင်းက နေရာစုံကနေ တိုက်စစ်ကို ကစားနိုင်ပါတယ်။ တောင်ပံကစားသမားတွေကိုလည်း Touchline နဲ့ နီးနိုင်သမျှနီးအောင် ကစားဖို့ ဂွာဒီယိုလာ ညွှန်ကြားထားပြီးတော့ ဒါက ပြိုင်ဘက်ကစားသမားတွေကို ချဲထုတ်ပြီး နေရာလွတ်တွေ ပေါ်လာအောင် လှည့်ဖြားနိုင်စွမ်းရှိပါတယ်။ ဝေါ်ကာ၊ စတာလင်၊ ဆာနေးတို့က တောင်ပံတွေမှာ ကောင်းကောင်းကစားနိုင်သူတွေပါ။

သူတို့က ပြိုင်ဘက်ခံစစ်ကို ဖြိုခွင်းဖို့အတွက် အကောင်းဆုံးလက်နက်တွေပါပဲ။ မန်စီးတီးကွင်းလယ်လူတွေက ဘောလုံးကို တောင်ပံကစားသမားတွေဆီ တိုက်ရိုက်ပေးပို့တာ၊ ဒါမှမဟုတ် ခံစစ်အစွန်လူတွေကို ပေးပို့တာတွေကို မကြာခဏပြုလုပ်လေ့ရှိပြီး တောင်ပံကစားသမားတွေက ပြိုင်ဘက်ဧရိယာထဲကို ဘောလုံးနဲ့အတူ ဆွဲဝင်လာပြီး ဂိုးရဖို့ ကြိုးစားကြပါတယ်။

ဒါကြောင့် စပါးအနေနဲ့ မန်စီးတီးတောင်ပံတွေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ရလဒ်ကောင်းရမှာ သေချာပါတယ်။ ဗဟိုခံစစ်မှူးတွေအနေနဲ့ သူတို့နေရာမှာ တည်တည်ငြိမ်ငြိမ်နဲ့ နေရာယူထားပြီး တောင်ပံကစားသမားတွေကို စောင့်ကြည့်ဖို့နဲ့ ဧရိယာအတွင်းမှာ ပေးပို့ဖို့ ကြိုးစားချိန်မှာ ကြားဖြတ်လုယူဖို့၊ ရှင်းထုတ်ပစ်ဖို့ အာရုံစိုက်ရပါလိမ့်မယ်။

၃။ ဖာနန်ဒင်ဟိုကို ထိန်းချုပ်ရမယ်

ဖာနန်ဒင်ဟိုက မန်စီးတီးရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းပါပဲ။ သူက တခြားကစားသမားတွေထက် အားမာန်အပြည့်နဲ့ ကစားနိုင်ပြီး မကြာခဏဆိုသလိုလည်း ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှုတွေ လုပ်တတ်ပါတယ်။ သူ့အသင်း ဘောလုံးပိုင်ဆိုင်မှုရနေရာကနေ ဆုံးရှုံးသွားချိန်မှာဆို ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းမစနိုင်အောင် ဖာနန်ဒင်ဟိုက ဖျက်စီးပစ်ပါတယ်။

သူက အမှတ်ပေးပွဲမှာ တစ်ပွဲကို ပျမ်းမျှ ၁.၆ကြိမ်နှုန်းလောက် ကြားဖြတ်လုယူနိုင်ခဲ့ပါတယ်။ တိုက်စစ်လမ်းကြောင်းတွေ စတင်နိုင်ဖို့လည်း သူကပဲ အစပြုပေးပြီးတော့ ဘောလုံးဖြန့်ပေးဖို့ကို အဓိကတာဝန်ယူထားတာပါ။ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးက ဖာနန်ဒင်ဟိုကို ထိန်းချုပ်နိုင်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်အထိ ရောက်ခဲ့ပါတယ်။

ဒီရာသီမှာ ဖာနန်ဒင်ဟိုကို ထိန်းချုပ်နိုင်တဲ့အသင်းတွေက မန်စီးတီးကို အနိုင်ရတတ်တာကို မြင်တွေ့ရပြီး ဖာနန်ဒင်ဟို မပါဝင်ချိန်မှာလည်း မန်စိးတီး ရလဒ်တွေဆိုးနေခဲ့ပါတယ်။ ပိုချက်တီနိုအနေနဲ့ ကွင်းလယ်ပိုင်းမှာ ဝမ်ယာမာ၊ ဆစ်ဆိုကို၊ အဲရစ်ဆန်တို့ရဲ့ တြိဂံကွင်းလယ်ပုံစံကို အသုံးပြုသင့်ပြီး သူတို့သုံးဦးကြားထဲမှာ ဖာနန်ဒင်ဟိုအတွက် နေရာလွတ်မရှိအောင် ပိတ်ဆို့ထားနိုင်ရင် အသာစီး ရနိုင်ချေရှိပါတယ်။

Sportskeeda မှ ဆောင်းပါးအား ကိုးကားဖော်ပြပါသည်။


loading...

က္က