ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အမီ ကြယ်ပွင့်တိုက်စစ်မှူး ဒမ်ဘီလီ ဒဏ်ရာကနေ ပြန်လည်သက်သာလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီဟာ ဒဏ်ရာရှိလျက်နဲ့ ကစားနေခဲ့ပြီးနောက် လိုင်ယွန်အသင်းကို ၅-၁ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နဂိုရရှိထားတဲ့ တံကောက်ကြောဒဏ်ရာပိုမိုဆိုးရွားသွားခဲ့တဲ့အတွက် ရက်သတ္တပတ်များစွာ အနားယူနေရခဲ့တာဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လွဲချော်မှာကို ဘာစီလိုနာအသင်းက အစပိုင်းက ကြောက်ရွံ့နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒမ်ဘီလီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့အတွက် မဆုတ်မနစ်ကြိုးပမ်းနေပြီး ပြင်းထန်တဲ့နေ့စဉ်ပြန်လည်ကြံ့ခိုင်ရေးအစီအစဉ်တွေမှာ ပါဝင်လေ့ကျင့်နေသူဖြစ်ပါတယ်။
Mundo Deportivo ရဲ့သတင်းအရ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဒမ်ဘီလီပါဝင်ကစားနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဘာစီလိုနာနည်းပြဗယ်ဗာဒီဟာ ဒမ်ဘီလီကို ဧပြီလ ၆ ရက်နေ့မှာ အက်သလက်တီကိုနဲ့ပွဲစဉ် လူစာရင်းမှာတောင် ထည့်သွင်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။