ဆီဗီလာအသင်းရဲ့ ဘောလုံးဒါရိုက်တာ ယာကွင်းကက်ပါးရော့စ်က မိုရာတာအနေနဲ့ ဆီဗီလာအသင်းကို ပြောင်းရွှေ့ချင်စိတ်ရှိနေမယ်လို့ ယုံကြည်နေပေမယ့် ချယ်ဆီးနဲ့ ဆွေးနွေးမှုဟာ အရမ်း ရှုပ်ထွေးနိုင်ကြောင်း ဝန်ခံပြောကြားလိုက်တာဖြစ်ပါတယ်။
စပိန်လက်ရွေးစင်တိုက်စစ်မှူး မိုရာတာဟာ ရီးရဲမက်ဒရစ်အသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ နဲ့ စတင်ရောက်ရှိတဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လကနေ ယနေ့အချိန်အထိ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးသာသွင်းယူထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။
မိုရာတာဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမပိတ်မီ စပိန်လာလီဂါကို ပြန်ပြီး ဆီဗီလာအသင်းအတွက် ကစားပေးချင်တဲ့ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ မိုရာတာရဲ့အေးဂျင့်နဲ့ ဆီဗီလာအသင်းတို့ တွေ့ဆုံခဲ့ရာမှာ ဆီဗီလာအသင်းက အငှားနဲ့သာ ခေါ်ယူနိုင်မယ့်အကြောင်း ပြောကြားခဲ့ပေမယ့် အပြောင်းအရွှေ့ကိစ္စဟာ မရိုးရှင်းတဲ့အတွက် ဆီဗီလာအသင်းအနေနဲ့ စိတ်ပျက်နေကြောင်း ကက်ပါးရော့စ်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ကစားသမားကို စိတ်ဝင်စားမှုရှိနေတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီကိစ္စက အရမ်းအရမ်းကို ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ပါ”လို့ ကက်ပါးရော့စ်က ဆီဗီလာအသင်းရဲ့တရားဝင်တီဗွီရုပ်သံလိုင်းကို ပြောကြားခဲ့ပါတယ်။
“ကစားသမားကတော့ အခြားရွေးချယ်စရာတွေနဲ့ ဒီကိုလာကောင်းလာချင်နေမှာပါ။ ဒါပေမယ့် အဲဒီအပြောင်းအရွှေ့က အရမ်းရှုပ်ထွေးနေပါတယ်။ ချယ်ဆီးအသင်းဟာ ညှိနှိုင်းဆွေးနွေးရခက်တဲ့ အသင်းတစ်သင်းပါ”လို့ ပြောကြားခဲ့ပါတယ်။