ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ကမှ နို်င်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့သူဖြစ်ပြီး စုစုပေါင်း ၁၀၁ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ လက်ရှိဝေးလ်နည်းပြရွိုင်ယန်ဂစ်ဟာ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ နောက်ထပ် ၅နှစ်အထိ ကောင်းကောင်းကစားနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ကမှ နို်င်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့သူဖြစ်ပြီး စုစုပေါင်း ၁၀၁ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ အသက် ၄၀ အရွယ်ထိ ကစားပေးခဲ့တဲ့ ရွိုင်ယန်ဂစ်က ရော်နယ်ဒိုဟာ သူ့အသက်အရွယ်လိုပဲ ကစားနိုင်မယ်လို့ ပြောဆိုခဲ့တာပါ။ ပေါ်တူဂီတိုက်စစ်မှူးကိုလည်း ဂစ်က ချီးကျူးစကားတွေပြောဆိုခဲ့ပြီး ဒီအသက်အရွယ်အထိ ထိပ်တန်းအဆင့်မှာ ကစားနိုင်တဲ့ အကြောင်းရင်းကိုလည်း PA News Agency ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။
"မှန်ကန်တဲ့အသင်းတစ်သင်းသင်းမှာ သူရှိနေဖို့တော့ လိုပါလိမ့်မယ်၊ ကျွန်တော်လည်း ထိပ်တန်းကလပ်တစ်ခုမှာ အသက် ၄၀ အထိ ကစားခဲ့ဖူးပါတယ်၊ သူလည်း အသက် ၄၀ ပြည့်တဲ့အချိန်ထိ ကစားနိုင်မယ်လို့ ကျွန်တော်ကတော့ မြင်ယောင်နေပါတယ်၊ သူက သူ့ကိုယ်သူ အမြဲတမ်းပြန်ပြန်ကြည့်လေ့ရှိတဲ့သူပါ၊ အချိန်မှန်စားတယ်၊ အချိန်မှန်နားပြီး ဘောလုံးပွဲအတွက် ရှင်သန်နေသူပါ"
"Gym ကို အမြဲတမ်းသွားတယ်၊ သူဘယ်လောက်ပဲကစားတာကောင်းကောင်း အဲဒီစိတ်က သူ့ဆီမှာအမြဲရှိတယ်၊ ယူနိုက်တက်မှာ တစ်ရာသီကို ဂိုး ၄၀ လောက်သွင်းခဲ့ပြီး အဲဒီကစပြီး သူက ထူးခြားမှုတွေအမြဲတမ်းပြုလုပ်နိုင်ခဲ့ပါတယ်" လို့ ဂစ်က ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကို်ယ်တိုင်ကလည်း ပြီးခဲ့တဲ့နှစ်က သူ့အသက် ၄၀ အထိ ကစားနိုင်မယ်လို့ ပြောဆိုခဲ့ဖူးပြီး အခုချိန်ထိ လူငယ်တစ်ဦးလိုကစားနိုင်ဆဲလို့ ခံစားရကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။