ပွဲချည်းကပ်ပုံ မှားယွင်းခဲ့တာကြောင့် အခုလို ဂိုးပြတ်အရေးနိမ့်ခဲ့ရတာလို့ အေစီမီလန် နည်းပြ ပီအိုလီက ပြော ခဲ့ပါတယ်။
မနေ့ညက အတ္တလန္တာကို ၅-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ အေစီမီလန်အသင်းအတွက်တော့ နှစ်ပေါင်း ၂၁ နှစ် အကြာမှာ ပထမဆုံးအကြိမ်း ဂိုးအပြတ်ဆုံး ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
အေစီမီလန်အသင်းအနေနဲ့ ပြိုင်ပွဲစုံမှာ နောက်ဆုံး ဂိုးအပြတ်ဆုံး အရေးနိမ့်ထားတဲ့ပွဲက ၁၉၉၈ တုန်းက ရိုးမားကို ၅-၀ နဲ့ အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။
ပွဲအရေးနိမ့်ခဲ့တဲ့ နောက်မှာတော့ နည်းပြ ပီအိုလီက - “ ဒါ အေစီမီလန် အစစ် မဟုတ်ပါဘူး။ ကျွန်တော်တို့ ပွဲချည်း ကပ်ပုံ မှားခဲ့ပါတယ်။နောက်ထပ် ဒီလို မဖြစ်ဖို့ လိုပါတယ်။” လို့ ပြောသွားပါတယ်။
ပထမပိုင်း ကစားပုံမကောင်းခဲ့လို့ ဒုတိယပိုင်းကို မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့တဲ့အတွက် အခုလို ၅ ဂိုးပြတ် အရေးနိမ့်ခဲ့တာလို့ ၎င်းက ဆက်လက်ဆိုပါတယ်။
ရှုံးပွဲနဲ့အတူ အေစီမီလန်အသင်းက အဆင့် ၁၁ နေရာထိ ဆင်းသက် ရပ်တည်နေရပြီး အနိုင်ရခဲ့တဲ့ အတ္တလန္တာ အသင်းကတော့ အဆင့် ၅ နေရာကနေ အဆင့် ၄ နေရာက ရိုးမားအသင်းကို ၄ မှတ်လျော့ပြီး ဖိအားပေးလျက် ရှိနေပါတယ်။
လက်ရှိမှာလည်း ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို တက်လှမ်းထားနိုင်ပြီး ဖြစ်ပြီး ဗလင်စီယာအသင်းနဲ့ တွေ့ဆုံ နေပါတယ်။